September 19, 2024

၁၀.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော် ပိုပိုကတော့ မြန်မာပြည်က ယောက်ျားလေးတွေနဲ့ ဖူးစာဘက်မရှိရင်တော့ ထိုင်းမင်းသားတစ်ယောက်နဲ့ ဖူးစာရှာဖို့ကြံစည်နေတယ်လို့ ဆိုပါတယ်။

“Crown က မချို (ခင်ချိုချိုဦး)ဆီမှာ သတို့သမီးလေးလုပ်ဖို့ ရှိပါတယ်။ မကြီးစန်း(ခင်စန်းဝင်း)က ထိုင်းသတို့သမီးဝတ်စုံလေး ဆင်ယင်ပေးမယ်လို့ သိထားရတာတော့ ထိုင်းမင်းသားကို ယူဖို့ကြံနေတယ်။ မြန်မာပြည်က ဖူးစာဘက်မရှိရင်တော့ ထိုင်းမင်းသားတစ်ယောက်ယူမလား ဒါမှမဟုတ် ကိုရီးယားမင်းသားတစ်ယောက် ဖူးစာအနေနဲ့ယူမလား ကြံနေတာပါ။ ပိုပို လိုချင်တဲ့ကောင်လေး ပုံစံလေး အသားဖြူရမယ်။ ချောရမယ်။ အရပ်ရှည်ရမယ်။ ချစ်ဖို့ကောင်းရမယ်ပေါ့နော်။ ထိုင်းသတို့သမီးဝတ်စုံက ပိုရွေးလိုက်တာပါ။ ထိုင်းဝတ်စုံဝတ်ချင်လို့ ရွေးထားတာပါ။ ပိုပို မြန်မာရိုးရာ သတို့သမီးအရံဝတ်စုံတွေက ခဏခဏ ဝတ်ဖြစ်တယ်လေ။ မမိုင်လေး(ရတနာမိုင်) ပွဲမှာလည်း ဝတ်ရတယ်။ သတို့သမီး အရံ ၃ ခါလောက်လုပ်လို့ ယောက်ျားမရဘူးဆိုတာ မဟုတ်ပါဘူး။ ကိုမျိုးမင်းစိုးပွဲမှာလည်း ပိုပိုက သတို့သမီးဝတ်စုံနဲ့ ရှိုးလျှောက်ဖူးတယ်။ ဒီလိုဝတ်လျှောက်ရတာ ပင်ပန်းတယ်ပေါ့လေ။ သတို့သမီးဝတ်စုံဝတ်လို့ ယောက်ျားမရဘူးဆိုတာ ပိုမယုံပါဘူး။ ကံကံ၏ အကျိုးပဲ ပိုက ယုံပါတယ်” လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

သူမကတော့ Crown Bridal Hair & Makeup Class သင်တန်း ၂ ရက်မှာ မိတ်ကပ်ပညာရှင် ခင်စန်း၀င်းရဲ့ အနောက်တိုင်း/ထိုင်း သတို့သမီးဆင်ယင်ထုံးဖွဲမှုမှာ ပါဝင်အားဖြည့်သွားမှာလည်း ဖြစ်ပါတယ်။ ပိုပိုကတော့ ဂီတပိုင်းနဲ့ပတ်သက်ပြီး တစိုက်မတ်မတ်လုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းအနေနဲ့ သဒ္ဓါပိုပို သင်္ကန်းတိုက်လေးကို ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း တေးသီချင်းသစ်တွေ ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *