September 19, 2024

၁၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

အာဖရိကတိုက်၊ နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း၊ နိုင်ဂျာပြည်နယ်တွင် လောင်စာဆီတင်ကားတစ်စီးနှင့် ခရီးသည်နှင့် ကျွဲနွားများတင်ဆောင်လာသော ကုန်တင်လော်ရီကားတစ်စီးတို့ စက်တင်ဘာလ ၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၂ နာရီခွဲက တိုက်မိခဲ့ကြရာ ပေါက်ကွဲမီးလောင်မှုက ကားနှစ်စီးလုံးကို ဝါးမြိုပျက်စီးစေခဲ့ပြီး အနည်းဆုံး လူ ၅၉ ဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်အေဂျင်စီက အတည်ပြုပြောကြားခဲ့သည်။

အရေးပေါ်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူလာဟီ ဘာဘာအေရာက ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြောင်းလည်း ပြောခဲ့သည်။ ပေါက်ကွဲမှုကြောင့် အနီးရှိ အခြားသောယာဉ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အရေးပေါ်အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဟတ်ဆေနီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေရာတွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏အလောင်းများ ထပ်မံတွေ့ရှိလာနိုင်သေးသဖြင့် သေဆုံးသူအရေအတွက်မှာလည်း တိုးမြင့်လာနိုင်သေးကြောင်း ပြောခဲ့သည်။

ပေါက်ကွဲမီးလောင်မှုဖြစ်ပွားအပြီး ပျက်စီးနေသောမော်တော်ယာဉ်နှစ်စီးအား ဗီဒီယိုရိုက်ကူးထားချက်အရ ကားနှစ်စီးစလုံးမှာ လုံးဝနီးပါး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးနေသော ကျွဲနွားများကိုလည်း တွေ့ကြရသည်။ မော်တော်ယာဉ်၏အတွင်းပိုင်းတွင် သေဆုံးနေသည့်အလောင်းများနှင့် ကျွဲနွားများကို ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားရှာဖွေနေကြောင်းလည်း ပြောခဲ့ကြသည်။

နိုင်ဂျာပြည်နယ်အစိုးရက ဖြစ်ရပ်တွင် ဒဏ်ရာရရှိ၍ ဆေးရုံတင်ထားရသူများအတွက် ကုသမှုစရိတ်ကို အကုန်အကျခံမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ထိုဖြစ်ရပ်၌ သေဆုံးခဲ့ရ သူများ၏မိသားစုများသို့ ဝမ်းနည်းစာနာမိပါကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် မော်တော်ကားလမ်းများ၏ အခြေအနေဆိုးရွားညံ့ဖျင်းမှုကြောင့်လည်း လောင်စာဆီတင်ကားများ မကြာခဏ ပေါက်ကွဲမှု၊ ယာဉ်မတော်တဆမှုများ ဖြစ်လေ့ရှိကြောင်း သိရသည်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *