September 17, 2024

◾ အုပ်ချုပ်ရေးမှူးအလောင်းကို လာကောက်သူနှစ်ဦးကိုပါ သတ်ဖြတ်ခဲ့သည်ဟုပါ အုတ်ဖို PDF ဝန်ခံထား

၁၀. ၉. ၂၀၂၄
Written by Nay Moe

စစ်မှုထမ်းဟောင်းအရန်အဖွဲ့ဝင်ဖြစ်တဲ့ စဉ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူးကို အုတ်ဖို PDF က စက်တင်ဘာ ၉ ရက် မနက်မှာ သတ်ဖြတ်လိုက်ပြီး ကျပ် ၁ သိန်းနဲ့ ဖုန်းတစ်လုံးပါ လုယက်လိုက်တဲ့အပြင် အုပ်ချုပ်ရေးမှူးအလောင်းကို လာကောက်သူနှစ်ဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့လည်း NUG လက်အောက်ခံ အုတ်ဖို PDF အဖွဲ့က ဝန်ခံချက် ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စဉ်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်အောင်ဟာ ပျူခေါင်းဆောင်ဖြစ်တယ်လို့ စွပ်စွဲပြီး တောင်သုံးလုံးဘုရားနဲ့ စဥ့်ကူးကျေးရွာကြား လမ်းပေါ်မှာ စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက ဦးခေါင်းကို ချောင်းပစ်ပြီး မိုဘိုင်းဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်းနဲ့ စစ်မှုထမ်းဟောင်းကတ်ပြားတစ်ခု လုယက်သိမ်းယူခဲ့တာပါ။

ဦးသက်အောင်ကို သတ်ဖြတ်အပြီး နံနက် ၉ နာရီခန့်မှာ အလောင်းကောက်ဖို့လာသူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့်အကြာမှာ ပြည်သူ့စစ် (ပျူစောထီး) ၂ ဦးကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ပြီး အုတ်ဖို PDF တွေ ပြန်လည်ထွက်ခွာလာတယ် ပြောပါတယ်။

ဦးသက်အောင်ဟာ တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်တဲ့အပြင် ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာ၊ ငွေကြေးကောက်ခံတာ၊ PDF တွေ အချက်အလက်ကို ထောက်​လှမ်း​သတင်းပို့တာ၊ စဉ့်ကူးကျေးရွာနဲ့ တမံကြီးရွာကြား စစ်ဆေးရေးဂိတ်ဖွင့်ပြီး အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံတာ၊ ပြည်သူ့စစ်ဖွဲ့တာကြောင့် သတ်ဖြတ်တာလို့ အုတ်ဖို PDF က အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန် မမှန် MT News က အတည်မပြုနိုင်ဘဲ NUG ဩဇာခံ PDF တွေ လူသုံးဦးသတ်ဖြတ်ကြောင်း ဝန်ခံချက်ကိုသာ ရေးသားဖော်ပြတာဖြစ်ပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း နည်းပါးပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *