September 19, 2024

Photo credit, ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၊ kyipyar lin

၁၀.၉ ၂၀၂၄
Written by Hey Mar

ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်လလုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်စဉ်တွေကြောင့် တစ်မြို့လုံးလိုလို ရေဘေးသင့်ခဲ့တဲ့ ရှမ်းပြည် နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အခု စက်တင်ဘာ ဒုတိယအပတ်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေပြီး လျှပ်စစ် မီးအပါအဝင် ဆက်သွယ်ရေးစနစ်တချို့ပါ ပြတ်တောက်တဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံ တချို့ထံကနေ စုံစမ်းသိရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက မိုးရွာသွန်းမှုနဲ့အတူ မယ်ဆိုင်ချောင်းရေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ လမ်းတွေ၊ အိမ်တွေထဲ ရေဝင်ရောက်လျှက်ရှိပြီး လျှပ်စစ်အန္တရာယ်တွေလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် အမှတ် (၁) ချစ်ကြည်ရေး တံတားအနီးက အမှတ် (၁) ဓာတ်အားခွဲစက်ရုံကနေ မီးယာယီ ဖြတ်တောက်ထားရတယ်လို့ သိရပါတယ်။

မိုးရွာပြီး ချောင်းရေတိုးနေတာကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပေါ်နေလို့ မြို့နယ်သဘာဝဘေးကော်မတီအစီအစဉ်နဲ့ လူမှုကူညီရေးအသင်းတွေက အန္တရာယ်ကင်းလွတ်ရာ ပြောင်းရွှေ့နိုင်ရေးလည်း စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တာချီလိတ်ဒေသခံ မကြည်ပြာက “တာချီလိတ်မြို့က ဒယ်အိုးလိုဖြစ်နေတာ။ သူ့အထက်မှာ မိုင်းဆတ်မြို့ရှိတယ်။ တာချီလိတ်မှာ မိုးအုံ့နေပြီး မိုင်းဆတ်မှာ ရွာရင်လည်း မိုင်းဆတ်က ရေက မယ်ဆိုင်ချောင်းထဲ စီးဝင်လို့ ချောင်းရေလျှံရင် တာချီလိတ်က ရေကြီးတာပဲ။ လက်ရှိ မိုင်းဆတ်မှာ မိုးရေချိန်များနေတဲ့အတွက် မယ်ဆိုင်ချောင်းရေ တိုးနေပြီး ဒီမှာ မနေ့ကတည်းက အနိမ့်ပိုင်းရပ်ကွက်‌တွေ ရေတက်နေပြီ။ အခုမနက် မိုးကြီးတော့ ချောင်းရေက စိုးရိမ်ရေမှတ် အထက်ကို ကျော်သွားပြီ” လို့ MT News ရဲ့ စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

တာချီလိတ်မြို့က ၂၀၂၂ ခုနှစ်မှာ ရေဘေးဒဏ်ကို အတော်ဆိုးရွားစွာ ကြုံတွေ့ရပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ မိုးရွာတဲ့အခါ မြို့ပေါ် လမ်းတွေ ရေတင်တာလောက်သာရှိခဲ့ပြီး တင်တဲ့ရေကလည်း နာရီပိုင်းအတွင်းလောက်တော့ လမ်းပေါ်တင်နေတတ်တယ်လို့ သိရပါတယ်။ အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းကလည်း တာချီလိတ်မြို့ပေါ်မှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း လူနေထူထပ်လာပြီး အိမ်ခြေအဆောက်အဦတွေ တိုးလာတာကြောင့် ရေမြောင်းစနစ် ပျက်စီးကာ အခုလို ကြုံတွေ့နေရတာလို့ ဒေသခံတချို့က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်အတွင်းနဲ့ လမ်းတွေ မြောင်းတွေထဲ တင်ကျန်နေတဲ့ နုန်းတွေနဲ့ ရွှံ့တွေကိုတောင် အပြီးသတ်မရှင်းလင်းရသေးခင် အခုလို ထပ်မံပြီး ရေကြီးရေလျှံမြေပြိုမှုတွေ ဖြစ်ပေါ်နေတာလို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က “များသောအားဖြင့် ရေက ကျွန်တော်တို့မြို့ ၁၁ ရပ်ကွက်မှာ ၇ ရပ်ကွက်လောက်က မြုပ်တယ်။ ချောင်းရေတက်လာရင် ရေဝင်တာကတော့ တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင် (က)၊ မယ်ဆိုင်၊ ပုံးထွန် အဲ့ဒီလေးရပ်ကွက်က အနိမ့်ပိုင်းဖြစ်ပြီး ချောင်းဘေးတစ်လျှောက်ရပ်ကွက်တွေမို့ ရေမြုပ်တယ်။ လောလောဆယ် မြို့ထဲမှာ ရေဝင်နေတာက တောင်ကျချောင်းရေတွေကြောင့် မယ်ဆိုင်ချောင်းက မြို့ကို ပတ်စီးနေသလို နန်းယွန်းချောင်းနဲ့ မယ်ခေါင်ချောင်းကလည်း ရှိတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပြီဆိုရင် ၃ /၄ ရက်လောက်တော့ ကျွန်တော်တို့ တောင့်ခံကြရတယ်။ မြို့နယ်ဘေးစီမံအဖွဲ့တွေနဲ့ နှစ်စဉ်နှစ်တိုင်း စနစ်တကျ သဘာဝဘေးကို ဖြတ်ကျော်နိုင်အောင်လည်း စီမံထားတာတွေလည်း ရှိပါတယ်” လို့ MT News ကို ပြောပါတယ်။

မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်ရေမှတ်က ၃၉၀ စင်တီမီတာကို သတ်မှတ်ထားပေမယ့် ၃၄၀ စင်တီမီတာရောက်ရင်ကို ရပ်ကွက်တွေထဲ ရေစတင်ဝင်ရောက်နေပြီမို့ ချောင်းဘေးတမံ အတားအစီးတွေပြုလုပ်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက အခုလို ရှင်းပြပါတယ်။

“ချောင်းရေဆင်းသွားရင်လည်း နုန်းတွေတင်ကျန်တာကို ရှင်းရတဲ့ ပြဿနာရှိတယ်။ နောက်တစ်ခုက ရေတံခါးတွေဆင်ဖို့၊ မြို့ထဲကို စီးဝင်တဲ့ နန်းယွန်းနဲ့ မယ်ခေါင်ချောင်းတွေမှာ ရေတံခါးတွေ လုပ်ပေးဖို့ လိုမယ်။ အဲ့ဒါတွေ ဆင်ဖို့က လောလောဆယ်မှာ မဖြစ်နိုင်သေးဘူး။ ပွင့်လင်းရာသီရောက်ရင်တော့ လုပ်မယ်။ စိုးရိမ်ရေမှတ်ကျော်မှ မြို့ကို ရေဝင်တာမျိုးနဲ့ ရေပြန်ထွက်တဲ့အခါလွယ်ဖို့က ရေတံခါးတွေနဲ့ရေမြောင်းတွေက အရေးပါတယ်ဗျ။ ရေတံခါးအတွက်ကတော့ ဆည်မြောင်းက တွက်ချက်နေတယ်။ ရေနှုတ်မြောင်းတွေအတွက်ကလည်း စည်ပင်က တွက်ချက်ပြီးလုပ်နေပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာ အကောင်အထည် ဖော်မှာပါ”လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးအောင်က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ တာချီလိတ်မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ရတာမျိုး၊ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးတာမျိုးတွေ မရှိသေးဘဲ၊ ပြည်သူကို ရေဘေးအန္တရာယ် သတိပေးတာတွေကိုလည်း တစ်နာရီခြားတစ်ခါ ပြုလုပ်‌ပေးနေပြီး လူမှုကူညီရေး အသင်းအဖွဲ့တွေက ဌာနဆိုင်ရာတွေနဲ့ အကုန်ပူးပေါင်းလုပ်ဆောင်နေကာ နှစ်စဉ်နှစ်တိုင်းလည်း ဘေးအန္တရာယ်ကြောင့် လူသေဆုံးတဲ့ဖြစ်စဉ်တော့ မရှိသေးဘူးလို့ သိရပါတယ်။ ‌

ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်ပေးထားပေမယ့် နေသူက လေး၊ ငါး၊ ခြောက်ယောက် ပဲရှိပါတယ်။ အများစုက နှစ်ထပ်အိမ်နဲ့ အထပ်မြင့်တိုက်တွေများတာရော၊ Online ကနေ အလုပ်လုပ်ကြတဲ့ သူတွေဆိုတော့ အခြေအနေ ဆိုးလာမှ ရေက ဒူးလောက်ကနေ ပေါင်လောက်ရောက်မှ ဟိုတယ်တို့၊တည်းခိုခန်းတို့ကို ခဏရွှေ့နေကြတာ။ လာနေတာက အစိုးရဝန်ထမ်းတွေများတယ်။ အဓိကက ရုံးတွေ မြုပ်တာလေ။ လဝက၊ စိုက်ပျိုးရေးရုံး၊ ဆက်သွယ်‌ရေး၊ သစ်တောရုံးတို့ အဲ့ဒီလိုနေရာတွေ မြုပ်ကြတာမို့လို့”လို့ MT News ကို ‌ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *