September 19, 2024

◾️ NUGGETS Viber Group သည် ဒေါ်လာဈေး မတည်ငြိမ်အောင်လုပ်သဖြင့် ဗဟိုဘဏ်မှ အရေးယူမည်ဟု ထုတ်ပြန်ခံထားရသည့် လုပ်ငန်းဖြစ်

၁၀. ၉. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာဈေး မတည်ငြိမ်အောင်လုပ်သဖြင့် အရေးယူမည်ဟု ထုတ်ပြန်ခံရပြီးနောက် ဗဟိုဘဏ်ကို သိက္ခာချသည့်အပြင် နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု ပေါ်တင်ထုတ်ပြန်ခဲ့သည့် NUGGETS လုပ်ငန်းစုမှ စက်တင်ဘာ ၁၀ ရက်(ယနေ့)မှ ၁၅ ရက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်မှုအား ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း NUGGET လုပ်ငန်းစုမှ ယမန်နေ့တွင် အသိပေးကြေညာထားသည်။

အသိ‌ပေးကြေညာချက်တွင် NUGGETS လုပ်ငန်းစု အပါအဝင် မြန်မာပြည်သူပြည်သားများနှင့် ကုန်သည်များသည် ငွေဈေးတည်ငြိမ်ခြင်းကို လိုလားသော်လည်း NUGGETS မဟုတ်သော လက်မည်းကုန်သည်များက စက်တင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း ဈေးကစားမည်ကို လုပ်ငန်းစုမှ ကြိုတင်သိရှိပြီး ဖော်ပြပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

NUGGETS လုပ်ငန်းစုသည် အများပြည်သူ အကျိုးစီးပွားပျက်ပြားစေသော ဈေးကစားခြင်းတွင် ပါဝင်ခြင်း လုံးဝ (လုံးဝ) မရှိ၍ ထိုရက်များတွင် အရောင်းအဝယ် ယာယီရပ်နားပါမည်ဖြစ်ကြောင်း လုပ်ငန်းစုအစုရှယ်ယာရှင်များမှ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ဒေါ်လာဈေး ကမောက်ကမ ဖြစ်စေရန်လှုံ့ဆော်သည့် NUGGETS Viber Group အား အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းအောင် မဟုတ်မမှန်သတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်ခြင်းအား ဆက်လက်လုပ်ကိုင်မည်ဟု ပေါ်တင်ထုတ်ပြန်ခဲ့သည့် NUGGETS လုပ်ငန်းစုအား တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းပြီး အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ဩဂုတ်လဆန်းတွင် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှ အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် NUGGETS Viber Group သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပေါ် သိက္ခာ ကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သည့် သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းတို၏ NUGGETS Viber Group မှ ထပ်မံကြေညာထားသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

စက်တင်ဘာ ၉ ရက် (ယမန်နေ့)တွင်လည်း ဒေါ်လာဈေးနှုန်း အတက်အကျများခဲ့ပြီး ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်ဖြစ်ကာ တစ်ဒေါ်လာ ကျပ် ၄၈၀၀ အထိ ကျဆင်းခဲ့သော်လည်း နာရီပိုင်းအတွင်း ကျပ် ၅၂၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။ ယနေ့ နံနက်ပိုင်းတွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၀၅၀ ဖြင့် ကျပ် ၅၀၀၀ အထက်၌ပင် ဆက်လက်ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *