September 19, 2024

၉.၉.၂၀၂၄
Written by Hey Mar

မနေ့က စက်တင်ဘာ ၉ ရက်နေ့ ပဲခူးမြစ် ချောင်းလက်တက်ရေကာတာပေါ်ကနေ အမှိုက်ကောက်ရင်း ချော်ကျရာက ပျောက်ဆုံးနေတဲ့၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းက ပလုံကောက်တဲ့ အမျိုးသမီးကို ဒီနေ့စက်တင်ဘာ ၁၀ ရက်နေ့ မနက်မှာတော့ မြစ်ထဲကျားပိုက်ဆွဲတဲ့ သူတွေပြန်လည်‌‌တွေ့ရှိတယ်လို့ မြေပြင်မှာကူညီရှာဖွေနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ VIPAFS အဖွဲ့ အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းချုပ်ထံကနေ သိရပါတယ်။

ရေထဲပြုတ်ကျပျောက်ဆုံးနေသူက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် (၆၇) ရပ်ကွက်အစွန်က ကျူးမှာ နေထိုင်သူ မစန္ဒာဦး အသက်(၄၃)နှစ်ဖြစ်ပြီး သားသမီး နှစ်ဦးနဲ့အတူ အမှိုက်ကောက်‌နေစဉ် အခုလို ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ VIPAFS အဖွဲ့ အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းချုပ်မှ တာဝန်ရှိသူက ” ဒီနေ့မနက်အစောပိုင်း ၇ နာရီကျော်လောက်က ပြန်တွေ့တယ်။ ပျောက်တဲ့ (၆၇)ရပ်ကွက်အနီး ပဲခူးမြစ်ထဲကပဲ။ ကျားပိုက်တွေနဲ့ ငြိနေတော့ ပိုက်သမားတွေ ပြန်ဆွဲလာပေးတာ။ အခု ရဲလုပ်ငန်းစဉ်တွေ ဆက်လုပ်နေပါတယ် “လို့ MT News ကို ပြောပါတယ်။

သေဆုံးသူ မစန္ဒာဦး ပြုတ်ကျတဲ့ နေရာက (၆၇) ရပ်ကွက် မြောင်းကြီး၊ ရေကာတာလို့သိရပြီး ပဲခူးမြစ်ထဲကို စီးဝင်တဲ့ ချောင်းလက်တက်လို့ သိရပါတယ်။ ချော်ကျပျောက်ဆုံးစဉ်ကတည်းက မြို့နယ်မီးသတ်အပါအဝင် လူမှုကူညီရေး အသင်းတွေ ပူးပေါင်းကူညီရှာဖွေပေမယ့် အဆိုပါရေကာတာအတွင်း ပေတစ်ရာခန့်ကျယ်တဲ့ လှိုဏ်အောက်မှာ အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *