September 20, 2024

၉.၉. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းက ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းအား တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

SAC ဥက္ကဋ္ဌက ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီး ဌာန ကိုယ်စားပြုအသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းသားများ၏ တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်များ ဘောလုံးအသင်း( ခုနစ်သင်း) တို့ပါဝင်ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲပြီးဆုံးချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းက ပထမဆု၊ ပညာရေးဝန်ကြီးဌာနကိုယ်စားပြုအသင်းက ဒုတိယဆု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုအသင်းက တတိယဆုနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကိုယ်စားပြုအသင်းက စတုတ္ထဆု ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *