ဖြိုးဝေ
၉.၉.၂၀၂၄
ထိုင်းနိုင်ငံ Kasikorn Bank (K Bank) နဲ့ Siam Commercial Bank (SCB) Myanmar အပါအဝင် ထိုင်းဘဏ်အချို့က မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းတာ ဆောင်ရွက်ပေးမှု ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှားတွေ ဩဂုတ်လကုန်ပိုင်းလောက်ကစတင်ကာ ပြည်သူတွေအကြား ပြန့်ပွားမှုရှိနေပေမဲ့ ဒီကိစ္စရပ်တွေ မဟုတ်မှန်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလုပ်ငန်းတွေက တရားဝင်လုပ်ငန်းတွေဖြစ်ပြီး သံသယဖြစ်ဖွယ်မရှိဘဲ ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားတဲ့ ဒီရက်သတ္တပတ်မှာပဲ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် SCG အပါအဝင် ထိုင်းစီးပွားရေးလုပ်ငန်းတချို့ ရင်းနှီးမြှုပ်နှံမှုမတိုးချဲ့တာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ပို့ကုန်ရငွေရှိမှ သွင်းကုန်တင်သွင်းခွင့်ပြုမယ်ဆိုတာကြောင့် ဒေါ်လာစျေး၊ ရွှေစျေး သိသိသာသာကျဆင်းလာပေမဲ့လည်း ကုန်စျေးနှုန်းတွေ ကျဆင်းမှုနည်းပါးပြီး အမြင့်စျေးမှာ တောင့်ခံနေတာ၊ ပို့ကုန်လုပ်ငန်းတွေအတွက် ၇၅ ရာခိုင်နှုန်းအထိ ပြင်ပမှာ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးမှ ဆန်တင်ပို့မှုက လစဉ် တန်ချိန် ၂ သိန်း တင်ပို့မှုကို ပထမဆုံးပြည့်မီတာ၊ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးနှုန်းတွေ တစ်နှစ်အတွင်း ၃၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာတာနဲ့ ပဲဆီကို ရည်ညွှန်းစျေးသတ်မှတ်မှာမဟုတ်ဘူးဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံရေးအကျပ်အတည်းနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဆိုလာစီမံကိန်းတွေ ရပ်တန့်နေရတယ်ဆိုတဲ့အကြောင်း၊ ပြည်ပရောက်လုပ်သားတွေ လုပ်အားခပြန်မလွှဲလို့ အေဂျင်စီ ၇၀ ကျော် အရေးယူထားတယ်ဆိုတဲ့အကြောင်းနဲ့ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ အစားအစာအပါအဝင် အရေးပေါ်အကူအညီလိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ရပ်ထားရတဲ့ ဆိုလာစီမံကိန်း
စီးပွားရေး၊ နိုင်ငံရေးနဲ့ ငွေရေးကြေးရေးအခြေအနေတွေကြောင့် စာချုပ်ချုပ်ဆိုထားတဲ့ ဆိုလာစွမ်းအင်စီမံကိန်းတွေ ရပ်ဆိုင်းနေပြီး ရင်းနှီးမြှုပ်နှံမှုဟာ ငွေကြေးအပြောင်းအလဲ၊ လိုင်စင်တင်ရတဲ့ အခက်အခဲ၊ နောက်တစ်ခါ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တင်သွင်းရခက်တဲ့ အခက်အခဲတွေကြောင့် ရပ်နေရပါတယ်။ အဲဒီလိုရပ်နေတော့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လျှပ်စစ်စီမံကိန်းတွေက လျှပ်စစ် အထွေအထူးဝင်စရာမရှိတဲ့ အခြေအနေဖြစ်လာနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံမှာ လျှပ်စစ်လိုအပ်ချက် ပြည့်မီရေးအတွက် National Electricity Master Plan (၂၀၂၄)အရ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ (၁၇) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုဟာလည်း မလွယ်ကူတော့တဲ့ အခြေအနေရောက်လာပါတယ်။
တကယ်တော့ လျှပ်စစ်စီမံကိန်းတစ်ခုဟာ ရေအားဖြစ်စေ၊ ကျောက်မီးသွေးဖြစ်စေ၊ သဘာ၀ဓာတ်ငွေ့ဖြစ်စေ၊ လက်ရှိအစိုးရက လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ နျူးကလီးယား လျှပ်စစ်စီမံကိန်းဖြစ်စေ နေ့ချင်း ညချင်းပြီးတာ မဟုတ်ဘဲ နှစ်နှစ်၊ သုံးနှစ်ကနေ ဆယ်စုနှစ်တစ်ခုလောက် အကောင်အထည်ဖော်ရတာပါ။ ဒီအထဲမှာ နေရောင်ခြည်စွမ်းအင်နဲ့ ဓာတ်အား ထုတ်လုပ်တာက တည်ဆောက်မှုကာလ တိုတောင်းသလို နိုင်ငံတော်အတွက်လိုအပ်တဲ့ ဓာတ်အားကို ကာလတိုအတွင်း ထုတ်လုပ်ပေးနိုင်မယ့် အားသာချက်ရှိတာပါ။ ဒီလိုမျိုးအားသာချက်ရှိပေမဲ့လည်း လက်ရှိနိုင်ငံရေး၊ စစ်ရေးနဲ့ ကုန်စျေးနှုန်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် အချိန်တိုအတွင်း လျှပ်စစ်ထုတ်လုပ်နိုင်မဲ့ ဆိုလာ စီမံကိန်းတွေကလည်း ရပ်ဆိုင်းသွားရ၊ နှစ်များစွာ အကောင်အထည်ဖော်ထားရတဲ့ လျှပ်စစ်စီမံကိန်းတွေကလည်း PDF တွေနဲ့ နယ်မြေလု တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ခိုက်ဖျက်ဆီးထားတာကြောင့် မဂ္ဂါဝပ် ၁၆၀၀ ကျော်ကလည်း ထုတ်လုပ်မှု ရပ်ဆိုင်းနေရပြန်တာပါ။ ဒီလိုမျိုး အခက်အခဲတွေနဲ့ လျှပ်စစ်ဟာ လက်ရှိ မိုးကာလတောင် အလှည့်ကျပေးနေရတာမို့လို့ အခု ၂၀၂၄ အကုန် ၂၀၂၅ အစ ဆောင်းနှောင်းနဲ့ နွေရာသီမှာ ဆိုးဆိုးရွားရွားပြတ်တောက်မဲ့ အခြေအနေကို ရင်ဆိုင်ရမှာ မုချပါ။ လတ်တလောမှာ ဒေါ်လာစျေးတွေ ပြန်ကျပေမဲ့လည်း လက်ရှိစျေးတွေက အရင်တုန်းကလို ၁၅၀၀ ဝန်းကျင်မဟုတ်ဘဲ ၃ ဆကျော် မြင့်တက်နေတုန်းဖြစ်နေလို့ ဆိုလာကလည်း နီးနီးလေးနဲ့ ဝေးနေဦးမှာဖြစ်သလို လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံရတိုင်း လက်ခုပ်တီးပြီး ပျော်ပြခဲ့တာတွေရဲ့ အကျိုးဆက်ဟာ ပြည်သူ့ဒုက္ခအဖြစ် ပိုမိုသက်ရောက်ပြီးရင်း သက်ရောက်မှာလည်း အသေအချာပါပဲ။
◾ လုပ်အားခပြန်မလွှဲတဲ့ ပြည်ပရောက်လုပ်သား
ပြည်ပရောက် မြန်မာအလုပ်သမားတွေ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ငွေပြန်လွှဲကြောင်း မှတ်တမ်းမတင်ပြနိုင်ရင် အဲဒီလုပ်သားတွေကို တာဝန်ယူပို့ဆောင်ပေးတဲ့ အလုပ်အကိုင်အေဂျင်စီတွေ အရေးယူခံရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အေဂျင်စီတွေကို အသိပေးထားတာပါ။ အဲဒီနောက်မှာ အလုပ်သမားတွေက ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ပြန်မပို့တာကြောင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၇၁ ခုကို ပြည်ပ အလုပ်သမားစေလွှတ်ခွင့်နဲ့ အလုပ်ခေါ်စာအသစ် တင်ခွင့် ယာယီရပ်ဆိုင်း အရေးယူတာကို စတင်လုပ်ဆောင်လိုက်တာ တွေ့ရပါတယ်။
အေဂျင်စီကနေ ထွက်ခွာတဲ့ အလုပ်သမားတွေဟာ မိသားစုထံ တရားဝင်လမ်းကြောင်းက ငွေပြန်ပို့တိုင်း အေဂျင်စီထံ မိတ္တူပို့ရမှာကို မပို့တာကြောင့် အလုပ်သမားစေလွှတ်တာနဲ့ အလုပ်ခေါ်စာ (Damand Letter) အသစ်တွေ ခွင့်မပြုတော့ဘဲ အရေးယူထားပေမဲ့လည်း အထောက်အထားတွေ ပြမယ်ဆိုရင် ပြန်ပြီးခွင့်ပြုမယ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အခြားတစ်ဖက်မှာလည်း ပြည်ပရောက်မြန်မာလုပ်သားတွေက မိမိရရှိတဲ့လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် သုံးလတစ်ကြိမ် မိသားစုဆီ တရားဝင်လမ်းကြောင်းက ပြန်မပို့ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘူးဆိုတဲ့ သတ်မှတ်ချက်တွေလည်း ထွက်ပေါ်နေတာပါ။ တွေးဆစရာတစ်ချက်ကလည်း မြန်မာလုပ်သားတွေဟာ မိသားစုကို ငွေပြန်ပို့ဖို့ ပြန်ပထွက်ခွာကြတာဆိုပေမဲ့လည်း ပညာတတ်အဖြစ် ထွက်ခွာသူက ရာခိုင်နှုန်းအားဖြင့်နည်းပါးသလို အလုပ်ကြမ်းသမားအဖြစ် ထွက်ခွာကြတာလည်း များပြားတာမို့ အလုပ်လုပ်ရမဲ့ နိုင်ငံရောက်ချိန်မှာ အပြင်ထွက်ငွေလွှဲဖို့၊ တရားဝင်လမ်းကြောင်းဖြစ်တဲ့ ဘဏ်တွေဆီသွားဖို့၊ ဘဏ်အကောင့်တွေကို ဖွင့်ဖို့ လုပ်ဆောင်ချိန်မှာ ဘာသာစကားအားနည်းမှုတွေနဲ့ အချိန် အဆင်မပြေတာကြောင့် သူတို့အဖို့လွယ်ကူတဲ့ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းကနေပဲ ပို့ကြတာလည်း ရှိနေတာပါ။ မိသားစုအတွက် အလုပ်လုပ်ဖို့သွားတဲ့သူတွေက အေဂျင်စီတွေကိုသာ ငွေပို့ကြောင်း အထောက်အထား ပြန်မပို့ဘူးဆိုတာက ဖြစ်နိုင်ပေမဲ့ မိသားစုကို ပြန်မပို့ဘူးဆိုတာကတော့ မဖြစ်နိုင်ပြန်ပါဘူး။ ဒါ့ကြောင့် မြန်မာလုပ်သားတွေရဲ့လစာဝင်ငွေကို တရားဝင်လမ်းကြောင်းကနေ စနစ်တကျချိတ်ဆက်ပို့ပေးနိုင်ရေးကို မြန်မာနိုင်ငံက မထွက်ခွာခင်ကတည်းက အလုပ်သမားတစ်ယောက်ဟာ တရားဝင်လမ်းကြောင်းကနေ ငွေလွှဲပို့မှုစနစ်တွေအကြောင်း သိရှိနားလည်ထားရေးကို အေဂျင်စီနဲ့ အစိုးရဘက်က သင်ကြားပေးထားဖို့ လိုအပ်မှာဖြစ်သလို တရားဝင်လမ်းကြောင်းက ငွေလွှဲပို့နိုင်မယ့် ကွန်ရက်တွေကိုလည်း အလုပ်သမားဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းချိတ်ဆက် အဖြေရှာဖို့လည်း လိုအပ်မယ်ထင်မိကြောင်း အကြံပြုချင်ပါတယ်။
◾ အကူအညီလိုအပ်နေတဲ့ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ
မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲတွေကြား တိုက်ပွဲတွေဖြစ်ပွားမှု အရှိန်မြင့်တက်နေတာကြောင့် မြန်မာ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေ လိုအပ်နေပြီး ဒီ ၁၈ ဒသမ ၆ သန်းထဲကမှ လူဦးရေ ၅ ဒသမ ၃ သန်းဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေကို ချက်ချင်းလိုအပ်နေတယ်လို ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ အစားအစာ မလုံခြုံမှုတွေ ပိုမိုဆိုးရွားနေပြီး နေရပ်စွန့်ခွာနေထိုင်နေရသူ အရေအတွက်လည်း မြင့်တက်လာနေတယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေလုတိုက်ပွဲတွေ၊ NUG/PDG တွေရဲ့ တပ်မတော်နဲ့ အစိုးရဖြုတ်ချရေးလုပ်ငန်းစဉ်တွေအပြင် အစိုးရတစ်ရပ်ကို မကျေနပ်တာကြောင့် ဖြုတ်ချနိုင်ဖို့အတွက် အလုံးစုံပျက်သုဉ်းရေးစီမံချက်နဲ့ ပြည်သူကျပ်တည်း အုံကြွအောင် ကုန်စျေးနှုန်းတွေ မတန်တဆဆွဲတင်၊ ရွှေ၊ ငွေ၊ အိမ်ခြံမြေစျေး ဖောင်းပွအောင် စျေးကစားမှုတွေ ကြီးစိုးလာတဲ့ နောက်ပိုင်းမှာ စစ်ပွဲတွေနဲ့ ဘက်စုံအကျပ်အတည်းကြားမှာ ပြည်သူလူထုအများစုက ကိုယ့်စီးပွားကိုယ်ရှာ၊ ကိုယ်ဘ၀ကိုယ် ပျိုးထောင်ဖို့ထက် မစိုက်နိုင်၊ မပျိုးနိုင်၊ စီးပွားရေးမလုပ်နိုင်တော့တဲ့အပြင် စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ သူတစ်ပါးပေးမှ ကျွေးမှ စားရတဲ့ ဘ၀ကို ရောက်ကုန်ကြတာပါ။
ဒီနေရာမှာ ပိုလို့ ဆိုးရွားတာက နေအိမ်ပျက်သုဥ်း၊ စီးပွားပျက်သုဉ်း၊ မြို့ရွာပျက်သုဉ်းနဲ့ စစ်ဘေးဒုက္ခသည်ဖြစ်လာချိန်မှာလည်း တကယ်ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်အသွင် မဟုတ်တော့ဘဲ PDF တွေနဲ့ တော်လှန်သူဆိုတဲ့သူတွေ အလှူခံကျွေးမှ စားရသောက်ရတဲ့ လူသားဒိုင်းအသွင်ဖြစ်လာနေပြီး လက်နက်ကိုင်တွေနဲ့ ဒွေးရောယှက်တင် မြင်လာရပြန်တာပါ။
လက်နက်ကိုင်တွေဟာလည်း စစ်ဘေးရှောင်တွေအကြောင်းပြပြီး လူသားဒိုင်းအသွင်လုပ်တာ၊ အလှူခံပြီး ကိုယ်ကျိုးရှာတာ၊ PDF နဲ့ လက်နက်ကိုင်တွေ ဗုံးကြဲခံရလို့ ဒွေးရောယှက်တင် စစ်ဘေးရှောင်တချို့တလေထိရင် စစ်ရာဇဝတ်မှုကျုးလွန်နေပါပြီလို့ နိုင်ငံတကာကို အော်လို့ရတာ စတဲ့ အခြေအနေဆိုးတွေအောက်မှာ စစ်ရှောင်ပြည်သူတွေက ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင် ဆိုသလိုဖြစ်နေရတာပါ။ PDF နဲ့ လက်နက်ကိုင်တွေကလည်း စစ်ဘေးရှောင်တွေကို လူသားဒိုင်းလုပ်ပြီး မျောက်ပြဆန်တောင်းလိုက်၊ နိုင်ငံတကာက ငွေကြေးအလှုခံလို့များများရလာရင် စစ်တိုက်လိုက် လုပ်လာနေတဲ့အချိန်မှာ စစ်ဘေးရှောင်အတွက် ရတဲ့အလှူငွေကို စစ်ဘေးရှောင်တွေ စားဖို့အတွက် အသုံးပြုတဲ့ အနေအထားမရှိဘဲ စစ်တိုက်ဖို့သုံးတယ်ဆိုတဲ့ ပုံစံဟာ စစ်ရေးအမြင်အရ ကန့်သတ်ဖို့ အရေးကြီးလာတဲ့အချိန်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပါ စိစစ်ရတဲ့ အခြေအနေဖြစ်လာပြန်တာပါ။ လွယ်လွယ်ကူကူ ကူညီခွင့်တွေ စိစစ်ခံရတဲ့အခြေအနေမှာ ဒီဒုက္ခဟာ စစ်ရှောင်ပြည်သူအပေါ်ပဲ ထပ်မံဝန်ပိလာတာလည်း မြင်ရပြန်တာပါ။ ဒီအခြေအနေအတွက် အကောင်းဆုံးအဖြေက စစ်ဘေးရှောင်ဟာ PDF တွေ လက်နက်ကိုင်တွေနဲ့ ကင်းလွတ်ရာမှာ ဒုက္ခသည်အသွင် ပီပီပြင်ပြင် ရှိဖို့လိုအပ်ပြီး ကိုယ့်စားဝတ်နေရေးကူပံ့မယ့် တရားဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အကျပ်အတည်းမတွေ့အောင် “စစ်ဘေးရှောင်ဖြစ်သွားလည်း ေ-ာက်ဂရုမစိုက်”ဆိုတဲ့ နုံနဲညံ့ဖျင်းတဲ့ ကြွေးကြော်မှုမျိုးတွေ ဆက်မလုပ်ဖို့လည်း လိုအပ်မှာပါ။
ဒီလိုမျိုးမဟုတ်ဘဲ PDF တွေ၊ လက်နက်ကိုင်တွေက လူသားဒိုင်းအဖြစ်နဲ့ မျောက်ပြဆန်တောင်းတာကို စ်စဘေးရှောင်တွေကိုယ်တိုင်က နှစ်လိုနေသရွေ့တော့၊ စစ်ကို လက်ခံနေသရွေ့တော့ ကိုယ့်စီးပွားကိုယ်ရှာ၊ ကိုယ့်ဘ၀ကိုယ် ပျိုးထောင်ဖို့ ဝေးသထက်ဝေးနေဦးမဲ့အပြင် မြေစာပင်အဖြစ်နဲ့ပဲ ဆယ်စုနှစ်ချီ ဝဋ်ခံစားသွားရနိုင်တယ်ဆိုတာ ချင့်ချိန် တွေးဆပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။