September 20, 2024

၉.၉. ၂၀၂၄
Written by Shwe Phyo

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါအနောက်တောင်ပိုင်းမှာ အသက် ၈၄ နှစ်အရွယ်အဘွားအို ဟာလေးဇာကွန်ဟာ သူမရဲ့ခွေးနဲ့အတူ လမ်းလျှောက်နေရင်း မိကျောင်းကိုက်ခံခဲ့ရတယ်လို့ ဖလော်ရီဒါ တောရိုင်းတိရိစ္ဆာန် စောင့်ရှောက်ရေးကော်မရှင်က ပြောပါတယ်။.

အဆိုပါအဘွားအိုဟာ စက်တင်ဘာ ၅ ရက်နေ့က သူမရဲ့ North Fort Myers မိုဘိုင်းလ်အိမ်ပန်းခြံရှိ ရေကန်တစ်ခုအနီးမှာ သူမရဲ့ ခွေးလေး Queen နဲ့အတူ လမ်းလျှောက်နေခဲ့ချိန်အတွင်း ရုတ်တရက် မိကျောင်းကိုက်ခံရကာပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အကိုက်ခံရတဲ့အဘွားအိုက သူမကို တစ်ယောက်ယောက်က စူးစူးစိုက်စိုက် ကြည့်နေသလို ခံစားလာရပြီးနောက်မှာ မိကျောင်းရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ သူမကို တိုက်ခိုက်ခဲ့တဲ့ မိကျောင်းဟာ အရှည် ၇ ပေ ၃ လက်မထိ ရှိတယ်လို့ ဖလော်ရီဒါ ငါးနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကော်မရှင်က ပြောပါတယ်။

အဘွားအိုရဲ့အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ မက်ဘာလင်ဟမ်က “အော်သံကြားလို့ အပြင်ထွက်ကြည့်ချိန်မှာ အဘွားအိုကို လဲကျနေတာတွေ့ရတယ်။ အဲဒီအချိန်မှာ မိကျောင်းဟာ ခွေးကို ဆွဲဖို့ လုပ်နေတယ်။ ကျွန်မလည်း ခွေးကို ဘေးကိုဆွဲထုတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရေးပေါ်ဌာန ၉၁၁ ဖုန်းနံပတ်ကို ဆက်ခဲ့တယ်။ အဘွားအိုကတော့ ခြေထောက်၊ လက်မောင်းနဲ့ လက်တွေ ဒဏ်ရာရခဲ့တယ်။ “လို့ ပြောပါတယ်။

အိမ်နီးချင်းဖြစ်သူက ၉၁၁ ကို အကူအညီခေါ်ခဲ့ခြင်းကြောင့် အဘွားအိုဟာ မိကျောင်းကိုက်ခံရပြီး သေဆုံးမယ့် အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။

ဖလော်ရီဒါမှာ မိကျောင်းနဲ့ ဆက်နွှယ်တဲ့ မတော်တဆမှုတွေဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကြားမှာတောင် ဒီလိုဖြစ်ရပ်မျိုးဟာ ၁၉၀ နီးပါးသာ ရှိကာ အဲ့ဒီထဲမှာမှ ၁၂ ဦးသာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဘွားအိုဟာ မိကျောင်းကိုက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့်ဆေးရုံတက်ရောက်ခဲ့ရတယ်လို့ သိရပြီး သူမကိုတိုက်ခိုက်တဲ့မိကျောင်းက ဘယ်ကရောက်လာခဲ့တယ်ဆိုတာကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။

REF winknews

Leave a Reply

Your email address will not be published. Required fields are marked *