September 20, 2024

၉. ၉. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဆာရန်ခရိုင်တွင် အသက် ၁၅ နှစ်ရှိယောင်္ကျားလေးတစ်ဦး၏ သည်းခြေအိတ်ရှိကျောက်ကို ဖယ်ရှားပေးမည်ဟုဆိုကာ ဆရာဝန်အတုတစ်ဦးက YouTube မှ ညွှန်ကြားသော အချက်များအတိုင်း ခွဲစိတ်ခဲ့ပြီးသည့်နောက် ခွဲစိတ်ခံရသူ သေဆုံးခဲ့ကြောင်း စက်တင်ဘာလ ၈ ရက် သတင်းများအရ သိရသည်။

သေဆုံးသူ၏မိသားစုက အဂျစ် ကူမား ပူရီအမည်ရှိ အဆိုပါဆရာဝန်အတုက မိသားစု၏ သဘောတူညီချက် မပါဘဲနှင့် ခွဲစိတ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောခဲ့ကြသည်။ ခွဲစိတ်မှုကြောင့် ကလေးငယ်မှာ အကြိမ်များစွာ အော့အန်လာခဲ့သည်တွင် မိသားစုက ဆာရန်ခရိုင်ရှိ ဂန်ပါတီဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း ပြောခဲ့ကြသည်။

ဆယ်ကျော်သက်ယောင်္ကျားလေး ခရစ်ရှနာ ကူးမား ၏ မိသားစုအား အဆိုပါဆရာဝန်တုထံ လူနာအား အဘယ်ကြောင့်ခေါ်ဆောင်သွားသနည်းဟု မေးခဲ့ရာတွင် ၎င်းတို့က ဆရာဝန်ယောင်ဆောင်ထားသူ အဂျစ် ကူမား ပူရီ၏ အရည်အချင်းအပေါ် အမှန်တကယ်ဆရာဝန်ဟုတ်မဟုတ် သံသယရှိသော်လည်း ကလေးငယ်မှာ အန်နေသည်ကို ရပ်စေလို၍ ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဤတွင် ၎င်းက မိသားစု၏ သဘောတူညီချက်မပါဘဲ ခွဲစိတ်မှုပြုခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။

ခွဲစိတ်နေစဉ် အဆက်မပြတ်အော့အန်နေ၍ ကလေးငယ်အားဆေးရုံသို့ ခေါ်ဆောင်သွားခဲ့စဉ် ကလေးငယ်မှာ လမ်း၌ပင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာဝန်အတုက အလောင်းကို ဆေးရုံတွင် အခြားသူများ နှင့်အတူထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်းမိသားစုက ပြောခဲ့သည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အလောင်းကို ခွဲစိတ်စစ်ဆေးရန် ပို့ထားကြောင်းလည်း သိရသည်။ ထို့ပြင် ဆရာဝန်အတုအားလိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။

Ref-NDTV

Leave a Reply

Your email address will not be published. Required fields are marked *