September 20, 2024

၉.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်လုံးကျော်ရွာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ မသူဇာထွေးဆိုသည့် အမျိုးသမီးတစ်ဦး နေအိမ်မှ ၁၇ ရက်ကြာပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် နံနက် ၈ နာရီအချိန်က ပြည်လုံးကျော်ရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသမီးမှာ မိသားစုဝင်များကို အသိမပေးဘဲ တစ်ဦးတည်း အပြင်သို့ထွက်သွားရာ ယနေ့စက်တင်ဘာ ၉ ရက်နေ့အထိ နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသောကြောင့် မိသားစုဝင်များမှာ စိတ်ပူနေကြောင်း သိရသည်။

“ပုသိမ်ကြီးမြို့မှာရှိတဲ့ စိတ္တဇဆေးရုံမှာ ၁၅ ရက်လောက်ဆေးရုံတက်လိုက်ရတယ်။ ကောင်းသွားတော့ ပြန်ခေါ်လာတာ။ သူက စက်ပြန်ချုပ်မယ်တဲ့။ အဲ့ဒါနဲ့ စက်ချုပ်ဖို့သူ့ကို ပြင်ဆင်ပေးထားတယ်။ အဲ့လိုနဲ့ သူ့စိတ်ကပြန်ဖောက်လာတယ်။ အရင်ကဆို စွယ်တော်ဘုရားကို သောကြာနေ့တိုင်း တရားထိုင်၊ ပုတီးစိပ်တယ်။ ပြီးရင်ပြန်လာတယ်။ အဲ့ဒီဘုရားနဲ့ အိမ်နဲ့က ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတာ။ သူက အရင်ကလည်း ထွက်သွားဖူးတယ်။ ပြီးရင်ပြန်ရောက်လာတာ။ ခုကတော့ ရက်တော်တော်ကြာနေပြီ။ ရဲစခန်းကိုတော့ တိုင်ထားတယ်” ဟု ပျောက်ဆုံးနေသည့် မသူဇာထွေး၏ အစ်မဖြစ်သူမှ MT News သို့ ဖြေကြားသည်။

ပျောက်ဆုံးနေသည့် အသက် ၂၇ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ မသူဇာထွေးကို မိဘပြည်သူများတွေ့ရှိပါက ဖုန်း ၀၉-၉၆၆ ၄၄၁၅၁၄ ၊ ၀၉-၄၅၀၈၀၅၃၈၄ တို့ကို ဆက်သွယ်ပေးရန်လည်း မိသားစုဝင်များမှ အကူအညီတောင်းခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *