September 20, 2024

MT News
၉. ၉. ၂၀၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄-၂၅ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းအား ယခု စက်တင်ဘာလမှ စတင်၍ ခန့်အပ်တာဝန် ပေးလိုက်သည်ဟု သိရသည်။

ဦးမျိုးလှိုင်ဝင်းသည် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကစားသမားဘဝ အနားယူခဲ့သည်။ ဦးမျိုးလှိုင်ဝင်းသည် ပြည်တွင်း အမှတ်ပေးပွဲများတွင်လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့ပြီး အာဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန်ယူခဲ့ပြီး ကစားသမားဘဝတွင်လည်းကောင်း၊ နည်းပြဘဝတွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် နည်းပြ ဦးမျိုးလှိုင်ဝင်း၏ ဦးဆောင်မှုဖြင့် နည်းပြ/အုပ်ချုပ် အဖွဲ့အား ဖွဲ့စည်းပြီးသည်နှင့် စင်ကာပူ၊ လက်ဘနွန် အစရှိသည့် လက်ရွေးစင် အသင်းများ အပါအဝင် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဦးစွာ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

ယင်းနောက် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအား ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်မတ်လမှ စတင်၍ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *