၉.၉.၂၀၂၄
Written by Hey Mar
ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး ပဲခူးမြစ်ချောင်းလက်တက် ရေကာတာပေါ်ကနေ အမှိုက်ကောက်ရင်း ချော်ကျရာက ပျောက်ဆုံးနေတဲ့ ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၉ ရက် နေ့လယ် တစ်နာရီဝန်းကျင်က ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှာကူညီရှာဖွေနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ VIPAFS အဖွဲ့၊ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းချုပ် ထံကနေ သိရပါတယ်။
ရေထဲပြုတ်ကျပျောက်ဆုံးနေသူက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် (၆၇) ရပ်ကွက်အစွန်က ကျူးမှာ နေထိုင်သူလို့ သိရပြီး သားသမီး နှစ်ဦးနဲ့အတူ အမှိုက်ကောက်နေစဉ် အခုလို ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ VIPAFS အဖွဲ့၊ အကြင်နာကုသိုလ်ပြုလူမူကူညီရေးအသင်းချုပ်မှ တာဝန်ရှိသူက “ပြုတ်ကျသွားတဲ့ အမျိုးသမီးနာမည်က စန္ဒာဦး။ အသက် ၄၃ နှစ်လို့ သိရပါတယ်။ သူပြုတ်ကျတဲ့ နေရာက ၆၇ ရပ်ကွက်၊ မြောင်းကြီး ရေကာတာလို့ ဒီဘက်မှာတော့ ခေါ်တယ်။ ပဲခူးမြစ်ထဲကရေက စီးဝင်တဲ့ ချောင်းလက်တက်လိုမျိုးပေါ့။ အခုက မြစ်ရေက အောက်ရေတိုးနေတယ်။ ရေစီးကလည်းရှိနေတော့ မြစ်ထဲရောက်သွားနိုင်တယ်။ ဝိုင်းဝန်းရှာနေကြပါတယ် ” လို့ MT News ကို ပြောပါတယ်။