၉. ၉. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(မြောက်ကိုရီးယားနိုင်ငံ) အလုပ်သမားပါတီအထွေထွေအတွင်းရေးမှူးနှင့် မြောက်ကိုရီးယားနိုင်ငံသမ္မတ ကင်ဂျုံအန်းထံ မြောက်ကိုရီးယားနိုင်ငံထူထောင်မှု ၇၆ နှစ်ပြည့်မြောက်သည့် စက်တင်ဘာလ ၉ ရက်တွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် သမ္မတ ရှီ က လွန်ခဲ့သည့် ၇၆ နှစ်အတွင်း ကိုရီးယားအလုပ်သမားပါတီ(WPK)၏ ဦးဆောင်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံ ပြည်သူများက တစ်ညီတစ်ညွတ်တည်းရှိခဲ့ကြကာ အမျိုးသားရေးအကြောင်းရပ်များစွာတွင် တက်ကြွသောဖွံ့ဖြိုးတိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင်မကြာမီနှစ်များအတွင်းက WPK ပါတီ၏ အထွေထွေအတွင်းရေးမှူး ကင်က ပါတီနှင့်ပြည်သူတို့ကိုဦးဆောင်လျက် ပါတီရှစ်ကြိမ်မြောက်ကွန်ဂရက်နှင့်မျက်နှာစုံညီအစည်းအဝေးများ၏လမ်းညွှန် အခြေခံမူများကို အပြည့်အဝအကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် တိုးတက်မှုများရရှိအောင်လည်း ပြုလုပ်နိုင်ခဲ့ကြောင်း ရှီကသဝဏ်လွှာ၌ ဆက်လက်ဖော်ပြခဲ့သည်။
ထို့ပြင် သမ္မတရှီက ရဲဘော်ရဲဘက် ကင်၏ ဦးဆောင်မှုအောက်တွင် WPK ပါတီနှင့် မြောက်ကိုရီးယားပြည်သူတို့က နိုင်ငံ၏ ဆိုရှယ်လစ်ပန်းတိုင်ချီတက်မှုတွင် ဆန်းသစ်၍ ပိုမိုကြီးမားသော အောင်မြင်မှုများ ရလိမ့်မည်ဟု ၎င်းက ယုံကြည်ပါကြောင်းလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ သမ္မတရှီက တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှာ တောင်တန်းများ၊ မြစ်များဖြင့် ဆက်စပ်နေကြသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုက ပိုမိုခိုင်မာလာသည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ်ဆိုလျှင် တရုတ်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု ၇၅ နှစ်ပြည့်မြောက်သည့်နှစ်လည်းဖြစ်ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနီးမှု၏ အမှတ်တရနှစ်လည်းဖြစ်ကြောင်း ၎င်းကဆိုခဲ့သေးသည်။
သမ္မတ ရှီက ခေတ်ကာလအသစ်၏ အခြေအနေများအတွင်း တရုတ်နိုင်ငံအနေနှင့်မြောက်ကိုရီးယားနိုင်ငံနှင့် မဟာဗျူဟာမြောက်မှ ရေရှည်မျှော်မှန်းသော နှစ်ဖက်အကျိုးတူဆက်ဆံရေးများကို ဆက်လက်၍ သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက် ဆက်သွယ်ရေး၊ ခိုင်မာသောညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို လုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်းလည်းပြောခဲ့သေးသည်။
ထိုမျှမက နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်လာအောင် ပူးတွဲထိန်းသိမ်းကာ တစ်စုတစ်စည်းတည်းဖြစ်စေပြီး အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆက်ဆံရေးများကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဟု သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြခဲ့သည်။
နောက်ဆုံးအနေဖြင့်လည်း ရှီက ဆိုရှယ်လစ်ဝါဒ နှစ်နိုင်ငံစလုံးတွင် အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် နှစ်ဖက်စလုံးကို ပြောကြားခဲ့ပြီး သို့မှသာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို သယ်ပိုးနိုင်မည်ဖြစ်ပြီး ဒေသနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုတို့အတွက် ပိုမိုပါဝင်ဖြည့်ဆည်းပေးနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
Ref- Xinhuanet