September 20, 2024

၉.၉.၂၀၂၄
Written By Thandar

ရိုမန့်အချစ်ဇာတ်လမ်းပုံစံ “နှောင်ကြိုးဝိုင်း” ရုပ်ရှင်ဇာတ်ကားကြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ The Brew Yangon မှာ ကျင်းပခဲ့ပါတယ်။

“ကာရိုက်တာနာမည် ထွန်းတောက်ပါ။ ကျွန်တော် ဒီထဲမှာ လက်ဝှေ့ချန်ပီယံ တစ်ယောက်နေရာ ပါဝင် ထားပါတယ်။အပြင်မှာတော့ ကိုယ်က လက်ဝှေ့ချန်ပီယံမဟုတ်ဘူးလေ။ ဒီကားလေးက ပရိသတ်တွေ အမြင် ထူးထူးဆန်းဆန်းဖြစ်မယ့် ဇာတ်ကားလေးပါ။ ရိုမန့်လည်း ပါသလို မြန်မာ့လက်ဝှေ့ဇာတ်လေးဆိုတော့လေ။ မြင်းစီးတာတို့၊ အားကစားလည်း ပါပါတယ်။ လက်ဝှေ့ဆိုတော့ ပညာရှင်တွေ ကြည့်ချိန်မှာ လွဲမှားတာလေးတွေ ပါကောင်းပါနိုင် ပါတယ်။ နားလည်ပြီးတော့ ကြည့်ပေးစေချင်ပါတယ်။ လက်ရှိလေ့ကျင့်နေပေမယ့် တကယ့် Perfectional တွေမဟုတ်ဘူး။ အမှားအယွင်းတွေပါနိုင်ပါတယ်။ အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်” လို့ သရုပ်ဆောင် တေဇလင်းရောင်က ပြောပါတယ်။

Not Film Production က အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ သီဟစိုး၊ သရုပ်ဆောင်ဝီလီ ၊ တေဇလင်းရောင် ၊ ဇော်ဦး ၊ လုံးချော ၊ ရဲမင်း၊ မေမြင့်မိုရ် ၊ ရွှန်း စတဲ့သရုပ်ဆောင်တွေနဲ့ ရန်ကုန် ၊ ကလော ၊ အင်းလေးဘက်မှာ ရိုက်ကူး ပုံဖော်သွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

“မေလေးက ဒီဇာတ်ကားမှာ ရှမ်းမလေး နန်းကေခိုင်နေရာက ပါဝင်ရမှာပါ။ အဓိက အချစ်နဲ့ရိုမန့် ဇာတ်လေးပါဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မေလေးက ဝီလီနဲ့ ငယ်သူငယ်ချင်းတွေ ပုံစံလေးပါ။ ကိုယ့် ကောင်လေး လက်ဝှေ့တွေ ထိုးတာတွေဆိုတော့ ကိုယ်က အားပေးဖြစ်တယ်ပေါ့။ ဒီကားလေး ယောက်ျားလေး လူငယ်ပရိသတ်တွေရော အားကစားချစ်တဲ့ ပရိသတ်တွေ သဘောကျကြမှာပါ။ မေလေးလည်း ဒီကားအတွက် အကောင်းဆုံး ကြိုးစား မြင်းစီးလေ့ကျင့်နေတာမို့ ရင်ခုန်နေပါတယ် ”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *