၉. ၉. ၂၀၂၄
Written by Nay Moe
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ စက်တင်ဘာ ၈ ရက်နေ့နဲ့ စက်တင်ဘာ ၉ ရက် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။
ပထမအကြိမ် တိုက်ခိုက်မှုက စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ကို လေကြောင်းက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ MNDAA ရဲ့ ကိုးကန့်မီဒီယာက ထုတ်ပြန်လာကာ နံနက် ၄ နာရီ ၃ မိနစ်နဲ့ ၄ နာရီ ၈ မိနစ်အချိန်တို့မှာ ရပ်ကွက် (၁၂) အားကစားရုံနဲ့ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီး ဗုံး ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့တယ်ပြောပြီး MNDAA ရဲ့ ထုတ်ပြန်ချက်မှာတော့ ရပ်ကွက် (၁၂) အားကစားရုံမှာ ပြည်သူတွေရဲ့ ကားတွေဆိုင်ကယ်တွေ ပြန်မပေးဘဲ သိမ်းထားတဲ့အထဲက ကား ၁၉ စီးပျက်စီးပြီး Silver Sky ဟိုတယ်မှာလည်း အဆောက်အအုံ ပျက်စီးထိခိုက်မှုရှိပြီး လူမထိခိုက်ဖူးလို့ ပြောထားပါတယ်။
ဒါပေမဲ့လည်း မနေ့က နေ့လယ်ပိုင်းကစ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ အသံဖိုင်မှာတော့ MNDAA က ကားတွေဆိုင်ကယ်တွေ လုယက်သိမ်းယူထားရာ ရပ်ကွက် (၁၂) အားကစားရုံမှာ ကားတွေဆိုင်ကယ်တွေကို လုံခြုံရေးရယူနေတဲ့ MNDAA တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး Silver Sky ဟိုတယ်မှာတော့ MNDAA ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနဲ့ သူတို့ကို လုံခြုံရေးယူပေးတဲ့ ငယ်သား ၁၅ ဦးခန့်သေဆုံးခဲ့တယ်လို့ ပြောသံကြားရသလို ဒီရုပ်အလောင်းတွေကို ချက်ချင်းပဲ နမ္မတူဘက်အထွက် မြို့ရှောင်လမ်းဘက်က သင်္ချိုင်းကုန်းမှာမြှုပ်တယ်လို့လည်း ပြောနေတာကို ကြားရပြီး ဒီသေဆုံးမှုအသံဖိုင်အပေါ် MNDAA က ဒီနေ့အထိ မှန်ခြင်းမှားခြင်း တုံ့ပြန်မှုမရှိပါဘူး။
အလားတူ ဒုတိယအကြိမ်တိုက်ခိုက်မှုကို ဒီနေ့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်နဲ့ ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး လားရှိုး ရပ်ကွက် (၁) မှာ ဗုံး ၂ လုံး ကျရောက်ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနဲ့ အသေအပျောက်ကို ထပ်မံသိရှိဖို့ လိုအပ်တယ်လို့်လည်း MNDAA ရဲ့ ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်ပါတယ်။