◾ တိုင်ဖွန်းရာဂီက စက်တင်ဘာလ ၉ ရက်တွင် မုန်တိုင်းအကြွင်းအကျန်အဖြစ်သာ လာအိုနှင့် ယူနန်ပြည်နယ် နယ်စပ်သို့ရောက်ရှိမည်
၉. ၉. ၂၀၂၄
Translated by Htwe Ko Tun
အာရှတိုက်၏ အင်အားအပြင်းထန်ဆုံးသော တိုင်ဖွန်းမုန်တိုင်းလည်းဖြစ်ခဲ့သည့် စူပါတိုင်ဖွန်းရာဂီက စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေမြို့ ဟိုင်ဖောင်အနီးမှ ကုန်းတွင်းဝင်ရောက်ခဲ့သည်မှစ၍ မုန်တိုင်းကြောင့်ဖြစ်ပွားခဲ့သော မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် ဗီယက်နမ်နိုင်ငံအတွင်း သေဆုံးသူ အနည်းဆုံး ၂၄ ဦးနှင့် ဒဏ်ရာရသူ ၂၉၉ ဦးအထိ တိုးမြင့်လာကြောင်း အာဏာပိုင်များက စက်တင်ဘာလ ၉ ရက်နံနက်တွင် ပြောခဲ့ကြသည်။
စူပါတိုင်ဖွန်းရာဂီက စက်တင်ဘာလ ၈ ရက်မွန်းလွဲပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့သော်လည်း နိုင်ငံမြောက်ပိုင်းဒေသများတွင် စက်တင် ဘာလ ၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနေနိုင်သေးကြောင်း အာဏာပိုင်များက သတိပေးပြောကြားထားခဲ့သည်။
တိုင်ဖွန်းရာဂီက ပင်လယ်ပြင်တစ်လျှောက်ဖြတ်သန်းတိုက်ခိုက်မှု အရှည်ကြာဆုံးမုန်တိုင်းဖြစ်ကာ ပထမဆုံးကုန်းတွင်းဝင်ရောက်မှုအဖြစ် စက်တင်ဘာလ ၂ ရက်တွင် ဝင်ရောက်ခဲ့ရာ မုန်တိုင်းကြောင့် လူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၂ ဦး ပျောက်ဆုံးနေဆဲလည်းဖြစ်သည်။
စက်တင်ဘာလ ၆ ရက်တွင် စူပါတိုင်ဖွန်း ရာဂီအဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းကို ဖြတ်သန်းစဉ်လည်း မုန်တိုင်းကြောင့် လူလေးဦးသေဆုံးခဲ့ရသည်။
ရာဂီမုန်တိုင်းက စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင်မုန်တိုင်းအကြွင်းအကျန်အဖြစ် တစ်နာရီလေတိုက်နှုန်းမိုင် ၃၀ ခန့် ဖြင့် လာအိုနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းလျက် မွန်းတည့်ချိန်ခန့်တွင် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်နယ်စပ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။
Ref-The Guardian