September 20, 2024

၉. ၈. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာသန်းရာချီ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ယနေ့တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၃၀၀ သို့ ပြန်ကျဆင်းသလို ရွှေဈေးနှုန်းလည်း ကျပ် ၆၅ သိန်းသို့ ပြန်ကျ၍ အဆိုးရွားဆုံး ဈေးနှုန်းမြင့်တက်ထားသည့် တစ်လကျော်အတွင်း ဒေါ်လာနှင့် ရွှေဈေးနှစ်ခုလုံး အနိမ့်ဆုံးဈေးနှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်ဆန်းပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းတွင် တစ်ဒေါ်လာ ၅၀၀၀ ကျော်သို့ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၅၀၀ အထိ ထပ်မံမြင့်တက်ခဲ့သလို ဩဂုတ်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ‌ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိခဲ့၍ ဗဟိုဘဏ်မှ ဩဂုတ်လအတွင်း ဒေါ်လာသန်းရာချီ အလုံးအရင်းနှင့် ရောင်းချပေးခဲ့ရာ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်အထိ ရောင်းချပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းမှ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၃၃၅၀ ဖြင့်သာ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၈ ရက်(ယမန်နေ့)တွင် ကျပ် ၅၁၅၀ နှင့် ယနေ့တွင် ကျပ် ၅၁၀၀ သို့ ဆက်တိုက်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှုန်း အဆိုးရွားဆုံး မြင့်တက်ခဲ့သော တစ်လကျော်အတွင်း အနိမ့်ဆုံးဈေးနှုန်းအောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာမှုနှင့်အတူ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂၅၀၀ အောက်သို့ ပြန်ကျဆင်းလာမှုတို့ကြောင့် ဩဂုတ်လအတွင်း ကျပ်သိန်း ၈၀ ကျော်ထိ မြင့်တက်ထားသည့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၅ သိန်းသို့ ပြန်လည်ကျဆင်းလာခဲ့သည်။

ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၈ သိန်းသို့သာ အနိမ့်ဆုံးကျဆင်းထားခြင်းဖြစ်ပြီး ယနေ့ ဖြစ်ပေါ်ခဲ့သည့် ကျပ် ၆၁ သိန်းမှာ အဆိုပါ တစ်လကျော်အတွင်း အနိမ့်ဆုံးဈေးနှုန်းအောက် ပြန်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာနှင့် ရွှေဈေးနှုန်းများမှာ စက်တင်ဘာ ၄ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၇၀၀ နှင့် ရွှေဈေးနှုန်း ကျပ် ၇၂ သိန်း၊ စက်တင်ဘာ ၅ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၆၅၀ နှင့် ရွှေဈေးနှုန်း ကျပ် ၇၂ သိန်း၊ စက်တင်ဘာ ၆ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၅၅၀ နှင့် ရွှေဈေးနှုန်း ကျပ် ၇၁ သိန်း၊ စက်တင်ဘာ ၇ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၃၀၀ နှင့် ရွှေဈေးနှုန်း ကျပ် ၆၉ သိန်း၊ စက်တင်ဘာ ၈ ရက်တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၁၅၀ နှင့် ‌ရွှေဈေးနှုန်း ကျပ် ၆၆ သိန်း၊ စက်တင်ဘာ ၈ ရက် (ယနေ့)တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၁၀၀ နှင့် ရွှေဈေးနှုန်း ကျပ် ၆၅ သိန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *