September 20, 2024

၈.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က) ရပ်ကွက်၊ သဇင်ပန်းလမ်းရှိ ၂ ခန်းတွဲ ၄ ထပ်တိုက်၏ သုံးထပ်၊ ညာဘက်တိုက်ခန်းရှိ မီးဖိုခန်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးမှာ မူးမေ့မှုနှင့် မူးဝေမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီခန့်ကဖြစ်ပွားသည့် မီးလောင်မှုမှာ လူစောင့်မရှိဘဲ သစ်သားခုံပေါ်တွင် ဒယ်နီအိုးဖြင့် ဟင်းချိုတည်ခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် သစ်သားခုံ၊ ဒယ်နီအိုးနှင့် ဖိုင်ဘာတံခါးတို့ မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် အိမ်ငှားဖြစ်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကြီးမှာ မေ့မြောခဲ့သည့်အပြင် ကနဦး မီး​ငြှိမ်းသတ်ပေးခဲ့သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့မှာ မူးဝေခဲ့သဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“အိမ်ငှားအမျိုးသမီးကြီးက အပြင်ကပြန်ရောက်လာတဲ့အချိန် သူ့အခန်းမီးလောင်တယ်ဆိုတာလည်းသိရော စိတ်လှုပ်ရှားပြီး ထိတ်လန့်လို့ မေ့သွားတာ။ ကျန်တဲ့မီးလာသတ်သူ ၃​ ယောက်ကလည်း မီးခိုးအငွေ့တွေကြောင့် မူးသွားတာ။ စိုးရိမ်စရာတော့မရှိပါဘူး “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

တိုက်ခန်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၆ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ငှား​​ဖြစ်သူ ၅၈ နှစ်အရွယ် အမျိုးသမီးကြီးကို သုဝဏ္ဏ နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *