၈.၉. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အဆောက်အဦတစ်ခု၏ အခန်းအတွင်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို အသက်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ဘန်ကောက်မြို့ ခလွန်ဘန်ဘွန် အရပ်ဒေသက Soi Ekkachai 83/1 အဆောက်အဦတိုက်ခန်းအတွင်း အပုပ်နံ့များထွက်ရှိနေသည် ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၉ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ထိုင်း Bang Khun Thian ရဲစခန်းမှ ရဲအရာရှိများက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးချိန်အတွင်း မဆုသန်း အမည်ရှိ မြန်မာအမျိုးသမီးကို သွေးအိုင်ထဲမှောက်လျက် လဲကျသေဆုံးနေခြင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါအမျိုးသမီး၏ဦးခေါင်းတွင် ဒဏ်ရာအများအပြားရရှိနေပြီး ရုပ်အလောင်းနားတွင် သွေးစွန်းနေသည့် တူတစ်ချောင်းကိုလည်း တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မြန်မာအမျိုးသမီးသည် အသက် ၄၃ နှစ်အရွယ်ရှိခင်ပွန်းဖြစ်သူ မြန်မာနိုင်ငံသားနှင့်အတူ အခန်းအတွင်းနေထိုင်နေသူဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူကို သတ်ပြီးနောက် ထွက်ပြေးသွားဖွယ်ရှိနေကြောင်း အခန်းပတ်ဝန်းကျင်တွင်နေထိုင်နေသူများကပြောသည်။
မြန်မာနိုင်ငံသား လင်မယားနေထိုင်နေသည့် အခန်းအနီးတွင်နေထိုင်သူ ဘွန်ချုက စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား လင်မယားနေထိုင်နေသည့် အခန်းအတွင်းမှ အပုပ်နံများရရှိခဲ့ကြောင်း၊ တိရစ္ဆာန် တစ်ကောင်၏အပုပ်နံဟု ကနဦးတွေးထင်ခဲ့ကြောင်း၊အပုပ်နံရသည့်အကြောင်းကို အဆောက်အဦပိုင်ရှင်ကိုလည်း အသိပေးခဲ့ကြောင်း၊ အပုပ်နံ ဆိုးဆိုးရွားရွားထွက်ပေါ်နေသည့်အတွက် အနံ့ထွက်နေသည့်အခန်းကိုဖျက်ဆီးကာ ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အခန်းအတွင်းရောက်ရှိချိန်အတွင်း သေဆုံးနေသည့် မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကိုတွေ့မြင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသားအမျိုးသမီးသည် အခန်းအတွင်း အသတ်ခံထားရသည်မှာ အနည်းဆုံး ၅ ရက်ခန့်ရှိနိုင်ပြီး အသတ်ခံရသော မြန်မာအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့ စကားများရန်ဖြစ်ခြင်းများရှိခဲ့ကြောင်း
အခန်းအနီးတွင်နေထိုင်သူ ဘွန်ချုက ထပ်မံပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီး၏ရုပ်အလောင်းကို မှုခင်းဆိုင်ရာ ဆေးစစ်မှုများထပ်မံလုပ်ဆောင်သွားမည်ဖြစ်သလို လူသတ်မှုကျူးလွန်သူအဖြစ် အဓိကသံသယရှိသူခင်ပွန်းဖြစ်သည့် မြန်မာနိုင်ငံသားကိုလည်း ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။