September 20, 2024

၈.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများ တရားမဝင်တင်သွင်းရန် ကြိုးပမ်းသောလက်နက်ကိုင်အဖွဲ့နှင့် စက်တင်ဘာ ၇ ရက်နေ့က ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးများပို့ဆောင်ရန် ကြိုးပမ်းသူ ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပရာဝက် ဖိုဆူဝမ်က စက်တင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ထုတ် ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏အိမ်နီးချင်းနိုင်ငံမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများ တရားမဝင်ပို့ဆောင်မည်ဆိုသောသတင်းကို စက်တင်ဘာ ၆ ရက်နေ့တွင် လက်ခံရရှိခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်နေ့က ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို လုံခြုံရေးတင်းကြပ်ခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါး တရားမဝင် ပို့ဆောင်ရန်ကြိုးပမ်းသော အဖွဲ့သည် တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့လက်ထဲတွင် မူးယစ်ဆေးဝါးများထည့်ထားသည့် အိတ်များအပြင်သေနတ်များလည်း ကိုင်ဆောင်ထားကြောင်း ထိုင်း ဗိုလ်မှူးချုပ် ပရာဝက် ဖိုဆူဝမ်က ပြောသည်။

မူးယစ်ဆေးများကို ကျောပိုးအိတ်များဖြင့် လွယ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သောအဖွဲ့သည် ချင်းမိုင်ပြည်နယ် Ban Huai Nam Yen အရပ်ဒေသရှိ Doi Laem Channe လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းချိန်တွင် ပစ်ခတ်မှုများ စတင်လုပ်ဆောင်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကိုမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသောအဖွဲ့တွင် လူ ၁၀ ဦး လိုက်ပါလာပြီး မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အချို့က မိခင်နိုင်ငံ ဘက်ခြမ်းသို့ ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ပစ်ခတ်မှုဖြစ်ပွားခဲ့သောနေရာသို့ သွားရောက်စစ်ဆေးရှာဖွေချိန်အတွင်း ရုပ်အလောင်းများနှင့် စိတ်ကြွဆေးပြားများထည့်ထားသည့် ကျောပိုးအိတ် ၁၃ အိတ်ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။

အဆိုပါကျောပိုးအိတ်တစ်အိတ်ထဲတွင် စိတ်ကြွဆေးပြား ၁ သိန်းနှင့် ၂ သိန်းကြားရှိနေပြီး စိတ်ကြွဆေးပြား ၂ သန်းကျော်ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသော အဖွဲ့သည် ထိုင်းနယ်ခြားစောင့်အဖွဲ့ဝင်များကိုတိုက်ခိုက်ရန် သေနတ်များ၊ ဗုံးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်မှူးချုပ် ပရာဝက် ဖိုဆူဝမ်ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *