September 20, 2024

၈. ၉. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ ဒီနေ့မနက်မှာ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုက စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီမှာ စတင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ကို လေကြောင်းက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တာလို့ MNDAA က ရဲ့ ကိုးကန့်မီဒီယာက ထုတ်ပြန်လာပြီး နံနက် ၄ နာရီ ၃ မိနစ်နဲ့ ၄ နာရီ ၈ မိနစ်အချိန်တို့မှာ ရပ်ကွက် ၁၂ အားကစားရုံနဲ့ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီး ဗုံးများ ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့တယ်ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားရုံမှာ MNDAA ရဲ့ ကျုးကျော်စစ်ကြောင့် လားရှိုးမြို့ခံတွေ ခိုးယူခံရတဲ့ မော်တော်ဆိုင်ကယ်နဲ့ ကား အမြောက်အမြားကို MNDAA က ပြန်မပေးဘဲ သိမ်းယူထားရာနေရာဖြစ်ပြီး ဗုံးကျရောက်မှုကြောင့် ကုန်တင်ကား ၄ စီးနဲ့ ကား ၁၅ စီး ပေါက်ကွဲပျက်စီးစေခဲ့တဲ့အပြင် အခြားယာဉ်တွေလည်း အမျိုးမျိုးသော ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ဒါ့အပြင် လားရှိုးမြို့ ရပ်ကွက်(၁၂) ရေပူစမ်းအနီးက SilverSky ဟိုတယ် အနီး လယ်မြေတွေမှာ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ဟိုတယ်ကို ပြင်းထန်စွာ ထိခိုက်ခဲ့သလို ဟိုတယ်အတွင်းက ပစ္စည်းတွေနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ် ပြောပါတယ်။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *