◾ ရာဂီမုန်တိုင်းက ယနေ့တွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွား
၈.၉.၂၀၂၄
Translated by Htwe Ko Tun
စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့အနီးမှ ဖြတ်သန်း၍ ကုန်းတွင်းဝင်ရောက်ခဲ့သော စူပါတိုင်ဖွန်း ရာဂီက ထိုနေ့ည ၈ နာရီ ၅ မိနစ်ခန့်တွင် မြို့တော် ဟနွိုင်အားဆက်လက်ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်းသိရသည်။
ဟနွိုင်မြို့အား ဖြတ်သန်းတိုက်ခတ်လာသော ရာဂီမုန်တိုင်းက ယနေ့ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် အားပျော့သွားကာ လေတိုက်နှုန်းတစ်နာရီ မိုင် ၅၀ နှုန်းဖြင့် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနေသည်။ စက်တင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်ခန့်တွင် ဗီယက်နမ်မြောက်ပိုင်းမှ လာအိုနိုင်ငံမြောက်ပိုင်းသို့ တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ ရှိ မုန်တိုင်းအကြွင်းအကျန်များအဖြစ် ဆက်လက်ဝင်ရောက်ပြီး စက်တင်ဘာ ၉ ရက်၊ တနင်္လာနေ့ မွန်းတည့်အချိန်ခန့်တွင် လာအိုနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်သို့ တစ်နာရီ လေတိုက်နှုန်း ၂၅ မိုင်ရှိ မုန်တိုင်းအကြွင်းအကျန်များအဖြစ် ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ရာဂီ မုန်တိုင်းဝင်မှုကြောင့် အနည်းဆုံးလူကိုးဦး သေဆုံးကာ ၁၈၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဗီယက်နမ်အစိုးရစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။ ကမ်းခြေမြို့များမှ ပြည်သူ ၅၀,၀၀၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
တိုင်ဖွန်းရာဂီက စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် အားပျော့ကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး ထိုမှတဆင့် မုန်တိုင်းအဖြစ်မှပျက်ပြယ်သွားမည်ဖြစ်သော်လည်း နိုင်ငံမြောက်ပိုင်းပြည်နယ်များတွင် စက်တင်ဘာလ ၉ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တိုင်ဖွန်းရာဂီကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် အိမ် ၃,၄၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ကာ လယ်ယာမြေအများအပြား ရေလွှမ်းပျက်စီးခဲ့ရပြီး ဓာတ်တိုင်အများအပြား ပြိုလဲခဲ့ကြောင်းလည်း သိရသည်။
Ref- AA.com