September 20, 2024

၈. ၉. ၂၀၂၄
Written by Thettant

ယနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲ​အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့၏ အရှေ့ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ၊ ဂိုလ်ပါပူမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည်။

ထို့အတူ ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံ၊ မိုင်ဟစ်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ရာဂိ”သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရကြောင်းလည်း မိုးဇလက ​ပြောသည်။

ထို့ကြောင့် မနက်ဖြန် စက်တင်ဘာ ၉ ရက်အထိ ကယား ပြည်နယ်တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု ခန့်မှန်းထားသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးပိုလာမည်ဖြစ်ကာ နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အနီးတဝိုက်တွင် မနက်ဖြန်အထိ မိုးထစ်ချုန်းရွာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *