September 20, 2024

၈.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ဝင်လာသည့် မြန်မာ နိုင်ငံသား ၁၈ ဦးအား ယာဉ်၂ စီးဖြင့် တင်ဆောင်လာသော ထိုင်းနိုင်ငံသား ၂ ဦးနှင့်အတူ စုစုပေါင်း လူ ၂၀ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်က ထိုင်းနိုင်ငံ၊ အန်ထောင်မြို့နယ်၊ ဘန့်အစ်ကျေးရွာအဝင် အာရှလမ်းမကြီးပေါ် တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်လာသည့် ပစ်ကပ်ကား ၂ စီးကို ယင်းလမ်းပိုင်း လုံခြုံရေးရဲတပ်ဖွဲ့က ရပ်တန့်ရန်မီးနီအချက်ပြတားဆီးခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က အဆိုပါယာဉ်နောက်သို့လိုက်၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကိုတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဖမ်းဆီးမိသူ မြန်မာ ၁၈ ဦးမှာ ကရင်ပြည်နယ်၊ မြဝတီခရိုင်မှ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ပွဲစားက စီစဉ် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးတို့ကို အန်ထောင်ရဲ စခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

Ref& Photo – ejan,dailynews,matichon,MSN

Leave a Reply

Your email address will not be published. Required fields are marked *