September 20, 2024

ရွေးကောက်ပွဲအတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် EAO များ ပါဝင်နိုင်ရန် စိန်ခေါ်မှုများရှိနေဟု သုံးသပ်

၈. ၉.၂၀၂၄
Written By Zun

“ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့ ဘာတို့ကို ပူးပေါင်း ဆောင်ရွက်ပေးဖို့ ညှိနှိုင်းဆွေးနွေးတာ ရှိတာပေါ့။ ရွေးကောက်ပွဲလုပ်တဲ့အခါ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုတာကတော့ ရွေးကောက်ပွဲတစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ အခင်းအကျင်းဖြစ်သလို ရွေးကောက်ပွဲကို ပြည်သူလူထုစိတ်အားထက်သန် ပါဝင်ဆောင်ရွက်မှုလည်း အခရာကျတယ်လေ။ ဆိုတော့ ဒီနေ့ရှိနေတဲ့ အခြေအနေဆိုတာကလည်း အားလုံးသိတဲ့အတိုင်းပဲလေ။ ဒေသတည်ငြိမ်အေးချမ်းရေးဆိုရင်လည်းပဲ တော်တော်လေးကို စိန်ခေါ်မှု ကြီးကြီးမားမားရှိသလို ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်ဖို့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုဆိုတာက အခက်အခဲတွေ အများကြီးရှိမှာပါ။ ဒါတွေကိုလည်းအားလုံးနားလည်ပါတယ်။ လက်လှမ်းမီတဲ့ တစ်ဖွဲ့ချင်းစီရဲ့ ဒေသတွင်းမှာ ဒီလိုမျိုး စစ်ဘောင်က ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဘောင်က ကျဉ်းမြောင်းနေတဲ့ ကာလမျိုးကတော့ ဘယ်အဖွဲ့မဆို သူ့ရဲ့ အရင်တုန်းက သက်ဆိုင်ရာနယ်မြေဒေသမှာ စစ်ဘောင်က ကျယ်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲအတွက်လိုအပ်တဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ အဖွဲ့တိုင်းမှာ အခက်အခဲစိန်ခေါ်မှုတွေ ရှိပါတယ်”ဟု ရွေးကောက်ပွဲအတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် EAO များပါဝင်နိုင်ရန် စိန်ခေါ်မှုများရှိနေမည် ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၏ အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က MT News ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက် က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဦးခွန် ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော် (DKBA) မှ ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ခွန်မင်းသိန်းနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှုအကူအညီပေး အပ်နိုင်ရေးကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယင်းနေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့လည်း သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

“တိုင်းပြည်တစ်ပြည်မှာ ဒီမိုကရေစီစနစ်ကိုသွားမယ်လို့ဆိုလို့ရှိရင် ရွေးကောက်ပွဲဟာလိုအပ်တယ်။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ အမှန်တကယ်ဖြစ်ဖို့လိုတယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်းက MT News ကို ပြောသည်။

ထို့အတူ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်ရန် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ၊ နိုင်ငံရေးဗျူရို အဖွဲ့ ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi က သူ၏ သြဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်းနစက ဥက္ကဋ္ဌကို တိုက်တွန်းခဲ့သည်ဟုလည်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

“သူ (ဝမ်ယိ)ပြောတဲ့ အားလုံးပါဝင်နိုင်ရေးဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုပြောတာပါ။ သူက သူဖြစ်ချင်တာကိုပြောသွားတယ်။ ဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ဒီဘက်ကဆုံးဖြတ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ဥပမာ NLD ပါတီ က မရှိတော့ဘူး။ ပျက်သွားပြီ။ ဥပဒေအရပြောတာနော်။ ByLaw အရ ပျက်သွားပြီ။ နောက်တစ်ခါခေါင်းဆောင်ကလည်း လက်ရှိ ထောင်ထဲမှာ။ ဒီဥစ္စာကိုခေါင်းဆောင်မယ့်လူ၊ ဦးဆောင်မယ့်သူတော်တော်များများက ဒီအဖြူရောင်နယ်မြေထဲမှာ မရှိကြတော့ဘူး။အကုန်လုံးက ဟိုဘက်တွေရောက်ကုန်ကြပြီ။ အဲ့ဒီတော့သူ(ဝမ်ယိ)ပြောတဲ့ အားလုံးပါဝင်ရေးဆိုတာကြီးကကောင်းပါတယ်။ အားလုံးပါဝင်နိုင်လေလေ၊ ကောင်းလေလေပေါ့ကွာ။ ဒါပေမဲ့ ဖြစ်နိုင်မယ်လို့မထင်ဘူး။ အဲဒါကနံပါတ်တစ်၊ နံပါတ်နှစ်က စွမ်းဆောင်နိုင်ရင် ကျွန်တော်တို့က ခင်ဗျားကိုကူညီပေးမှု၊ ဘာတွေ ညာတွေလုပ်ပေးမယ်ဆိုတာမျိုး ကမ်းလှမ်းသွားတာရောကြားမိလား”ဟု မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူတစ်ဦးက MT News ၏ မေးမြန်းချက်နှင့် ဝမ်ယိခရီးစဥ်အတွင်း ကြားသိရသည့်အခြေအနေအပေါ် သုံးသပ် ပြောပြသည်။

အလားတူ တရုတ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ကူညီမှုများ လုပ်ဆောင်မည့်အပြင် သန်းခေါင် စာရင်းကောက်ယူမှုအတွက် လိုအပ်သည့်နည်းပညာအကူအညီကိုလည်းပေးမည်ဟုလည်း H.E. Mr. Wang Yi က ပြောကြားခဲ့သေးသည်။ ၎င်းအပြင် H.E. Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်ပြီးနောက်ပိုင်းတွင် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၃ ဘီလျံ(သန်း ၃၀၀၀) ကို နစက အစိုးရအား အတိုးမဲ့ ထုတ်ချေးပေးလိုက်ကြောင်း လူမှုကွန်ရက်သတင်းများတွင် ရေးသားလာကြသလို NUG ဝန်ကြီးဆိုသူတင်ထွန်းနိုင်ကလည်း ထိုဒေါ်လာသုံးဘီလျံကိစ္စ တရားဝင်မေးမြန်းမည်ဟု ထုတ်ပြောခဲ့သော်လည်း တစ်လပြည့်သည့်အချိန်အထိ ဒေါ်လာသုံးဘီလျံ ပေးမပေး အဖြေထုတ်နိုင်ခဲ့ခြင်းမရှိချေ။ သို့သော် ဩဂုတ်လအတွင်းက စံချိန်တင်မြင့်တက်နေသော ဒေါ်လာစျေးမှာမူ ဒေါ်လာသန်းရာချီ ဗဟိုဘဏ်ထုတ်ရောင်းမှုနှင့်အတူ စက်တင်ဘာ ၇ ရက်တွင် ၅၃၀၀ သို့ကျဆင်းလာပြီး ဝမ်ယိခရီးစဥ်နောက်ပိုင်း တစ်ဒေါ်လာ ကျပ် ၂၀၀၀ ကျော် ပြုတ်ကျခဲ့သည်။

“အဲဒီကိစ္စ(ဒေါ်လာသုံးဘီလျံ) နည်းနည်းလေးစဉ်းစားရမှာက အဲဒါက တရုတ်သံရုံးကရော အတည်ပြုလား။ နစက အနေနဲ့ရော ထုတ်ပြန်သလားလို့ မေးစရာရှိလာတယ်။ အဲ့ဒါက တရုတ်သံရုံးကလည်း အတည်မပြုသလို၊ နစကကလည်းမထုတ်ပြန်ပါဘူး။ သို့သော် ဒီဟာက တစ်ဆင့်နားတစ်ဆင့်စကားတွေ ပျံ့နှံ့နေတဲ့သတင်းတွေကို ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒီကိစ္စက အရေးပါအရာရောက်လို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေ စစ်ပွဲရပ်ဆိုင်းဖို့ကိစ္စတွေ အားလုံးက ဒီဟာကြီးကို Base ခံပြီးတော့ စဉ်းစားရင် အဖြေကတစ်မျိုးထွက်တယ်။ ဒီဟာကြီးကို Base မခံဘဲနဲ့ စဉ်းစားရင်အဖြေကတစ်မျိုးထွက်နေလို့ ဒီပိုက်ဆံ တကယ်ရတယ်၊ မရဘူးပေါ့။ ဒီပိုက်ဆံတကယ်ရရင် ငြိမ်းချမ်းရေးက တော်တော့်ကို မြန်မြန်ထက်ထက်နဲ့ဖြစ်လာနိုင်တယ်။ ဒီပိုက်ဆံမရရင် စစ်မီးကြီးက ဒီထက်ပိုရှည်ကြာသွားပြီးတော့ ဒီထက်ပွတ်တိုက်မှုအားတွေက ပိုမိုပြင်းထန်ဘာပါလိမ့်မယ်။ ပိုက်ဆံရရင် ရသူနိုင်သွားပြီ။ ကိုယ်က ဆင်းရဲ စုတ်ပြတ်နေတဲ့တိုင်းပြည်လေ။ လိုအပ်နေတာတွေအတွက် ပိုက်ဆံလိုတယ်”ဟု ယင်း မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူက ထပ်လောင်းပြောပြသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲအနေဖြင့် အားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲမဖြစ်လျှင် တရုတ်နိုင်ငံက မလိုလားကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက သတင်းထွက်ပေါ်ခဲ့သေးသည်။

“အခု၂၀၂၅ ခုနှစ်မှာလုပ်မယ့် ရွေးကောက်ပွဲကို ပေါက်ဖော်ကြီးကတောင် လက်မခံဘူး။ ပေါက်ဖော်ကြီးကမလုပ်ခိုင်းဘူးလို့ တိကျတဲ့သတင်းရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရွေးကောက်ပွဲကို အားပေးမယ်။ ဒါပေမဲ့ ကူမင်းမှာ အစည်းအဝေးလုပ်တာလေ။ဟိုမြောက်သုံးကောင်နဲ့ နောက်ဆုံးပိတ်ဆွေးနွေးတာလေ။ ဟိုင်ဂင် သဘောတူချက်ဆိုတာလေ။ အဲ့မှာ ဘာပါလဲဆိုရင် အဲဒီဆွေးနွေးပွဲမှာ အနှစ်သာရက ဘာလဲဆိုတော့ စပြီးတော့ ဆွေးနွေးတော့ မင်းတို့နိုင်ငံရေးနည်းလမ်းနဲ့သွားပါ။ လက်နက်နဲ့မကိုင်ပါနဲ့ လို့ တရုတ်က ပြောတယ်။မြန်မာနိုင်ငံဘက်ကပြောတော့ ကျွန်တော်တို့နိုင်ငံရေးနည်းလမ်းနဲ့သွားချင်တယ်။ ကျွန်တော်တို့သဘောကျတဲ့ ရှမ်းအမျိုးသားဒီမိုကရေစီ SNLD ကြီးကိုဖျက်ပစ်တယ်ဆိုတာမျိုးကို ထည့်ပြောတာကြောင့် တရုတ်ကြီးက NLD နဲ့ SNLD ကိုဖျက်ပစ်တာ နစက ဘက်က ဖြစ်တာကြောင့် ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင် ဒီလိုပါတီတွေမပါရင်တော့လက်မခံဘူးဆိုတာကို တိတ်ကျကျပြတ်ပြတ်သားသားပြောလိုက်တယ် ဆိုတာကိုသိရတယ်”ဟု ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက MT News ကို ပြောသည်။

နစက အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည်ဟု အတိအလင်းကြေညာထားပြီးဖြစ်သော်လည်း ယင်းရွေးကောက်ပွဲကို NUG , PDF အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အချို့ကလည်း နှောင့်ယှက်လာနိုင်ကြောင်းလည်း ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ နှောင့်ယှက်ဖျက်ဆီးနိုင်မှုနှင့်အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ကိုယ်စားလှယ်များ ရွေးကောက်ပွဲအတွက် နားလည်မှု ရယူခဲ့ကြကြောင်း၊ သို့သော်လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့၏ အခြေအနေ အလွန်ကွာခြားသွားပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က သုံးသပ်ပြောပြသည်။

“ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကို ၂၀၂၂ ခုနှစ်တုန်းကလည်း နှစ်ဖက်နားလည်မှုတွေ ရှိခဲ့ကြတယ်လေ။ အဲဒီတုန်းကလည်း တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံတဲ့အခြေအနေအပေါ်မှာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ထွက် ပေါက်တစ်ခုများ ဖြစ်မလားဆိုပြီးတော့ တစ်ဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ နားလည်မှုယူခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၂ အခြေအနေနဲ့ ဒီကနေ့အခြေအနေက အများကြီးပြောင်းလဲသွားပြီ။ ဆိုတော့ကာ ကြိုးပမ်းမယ်ဆိုတဲ့ အဆင့်ကလွဲလို့ ကံသေကံမ အတိအကျ လုပ်ဖို့ကတော့ အခက်အခဲတွေအများကြီးရှိမှာပါ။ ဆိုလိုချင်တာက တော့ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်မယ်ပေါ့။ ကြိုးပမ်းတာကတော့ ကြိုးပမ်းတာပေါ့နော်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးကတော့ သိတဲ့အတိုင်းပဲလေ။ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။ဟိုး အရင် ၂၀၂၂ တွေ့ဆုံတုန်းက တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ရွေးကောက် ပွဲလုပ်မယ်လို့ ရှိခဲ့တယ်။ အခုအချိန်မှာ တော့ ရွေးကောက်ပွဲတော့လုပ်မယ်၊ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ အသံတော့မကြားတော့ဘူးလေ။ အပိုင်းလိုက်လား။ ဘယ်လိုလုပ်မလဲပေါ့နော်။ ရွေးကောက်ပွဲဆိုတာကတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင် ဖြစ်ပါတယ်။ သို့သော် လက်ရှိတစ်နိုင်ငံလုံးကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်လောက်တဲ့ အဖြေတစ်ခုအနေနဲ့ ဆောင်ကျဉ်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကို ဖြစ်သည့်နည်းနှင့် မလုပ်ကိုင်ပါက နိုင်ငံအနှံ့ပျံနှံ့လာပြီး မြို့ ၈၀ ခန့် သိမ်းယူခံထားရသော စစ်မီးမှာ ပိုမိုဆိုးရွားကျယ်ပြန့်လာဖွယ်ရှိနေသည့်အတွက် ရွေးကောက်ပွဲမှာ နှစ်ဖက်လက်နက်ကိုင်များအကြား စစ်ဘေးဒဏ်ခံနေရသော နိုင်ငံနှင့်ပြည်သူများ၏ ထွက်ပေါက်ဖြစ်လာသဖြင့် မဖြစ်မနေဖော်ဆောင်ပေးရန် နိုင်ငံရေးပါတီများက တိုက်တွန်းထားသလို ယခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်မည့် ၂၀၂၄ သန်းခေါင်စာရင်း ကောက်ခံမှုပြီးဆုံးပါက လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟုလည်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *