September 20, 2024

၈. ၉. ၂၀၂၄
Written by Nyein Kyaw

ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား လွတ်လပ်စွာရောင်းဝယ်ခွင့် စတင်ခွင့်ပြုပေးခဲ့သည့် ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ခဲ့၍ ယခုဘဏ္ဍာနှစ် ‌လေးလဆက်တိုက် မပြည့်မီခဲ့သော လစဉ်ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်အား ပထမဆုံးပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ လစဉ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကို လေ့လာကြည့်ပါက ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန်၊ မေလတွင် တန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်၊ ဇွန်လတွင် တန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်၊ ဇူလိုင်လတွင် တန်ချိန် ၁၆၅,၄၄၀ ဒသမ ၃ တန်သာ တင်ပို့နိုင်ခဲ့၍ ဘဏ္ဍာနှစ်အစ လေးလအတွင်း လစဉ်တင်ပို့ရမည့် တန်ချိန် ၂ သိန်းကျော် ပြည့်မီအောင် မတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပိုကုန်လုပ်ငန်းရှင်များအား ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ရန် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် ရောင်းချရန် လျှော့ချပြင်ဆင်သတ်မှတ်ပြီးနောက် ဩဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုများတိုးတက်ခဲ့ပြီး လစဉ်တင်ပို့ရမည့် တန်ချိန် ၂ သိန်းကျော်ကို ပထမဆုံး ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀၇,၃၆၉ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၇ သန်းရရှိခဲ့ကာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၇၁၈,၂၈၁ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၅၃ သန်းရရှိခဲ့သည်။

နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိစေရန်ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MT News သို့ ပြောကြားထားသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ် ဆန်နှင့်ဆန်ကွဲတင်ပို့ လျာထားချက်ပြည့်မီစေရန် တစ်လလျှင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် တင်ပို့ရမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အစ လေးလဆက်တိုက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ငါးလမြောက် ဩဂုတ်လမှသာ ပထမဆုံး ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *