September 19, 2024

ဓားထိုးခံရသူ အမျိုးသမီး အလ္လာအရှင်မြတ် အမိန့်တော်ခံယူသွား

၈.၉.၂၀၂၄
Written by Hey Mar

မိန်းမချင်း စကားများရန်ဖြစ်တာကို ယောကျာ်းဖြစ်သူကဝင်ပါပြီး တစ်ဖက်အမျိုးသမီးကို ဓားနဲ့ထိုးမှုဖြစ်စဉ် မနေ့က စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲချိန်ခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာ (၇)ရပ်ကွက်၊  သီရိဇေယျာ (၁၈) လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ ‌ဖြစ်စဉ်မှာ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မေတ္တာသီတာရေစင် လှုမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှု စတင်ပုံက ဓားနဲ့ ထိုးခံရသူ အမျိုးသမီးဟာ အပ်ချုပ်ဆိုင်ဖွင့်လှစ် လုပ်ကိုင်သူ ဖြစ်ကြောင်း၊ အပ်ထည် ပုံမကျတာ‌ကြောင့် ဖောက်သည်အမျိုးသမီးနဲ့ စကားများရန်ဖြစ်ရာက၊ ဖောက်သည်ဘက်က အဖော်ပါလာသူ အမျိုးသမီးနဲ့ ‌ပေါင်းကာ အပ်ချုပ် ဆိုင်ဖွင့်လှစ်သူ မိန်းကလေးကို ဝိုင်းဝန်းရိုက်နှက်ကြောင်း၊ အပ်ချုပ်ဆိုင် ဖွင့်လှစ်ထားသူ မိန်းကလေးရဲ့ ဖခင်က ဝင်ရောက်ဖြန်ဖြေတာကို တစ်ဖက်မှ အင်္ကျီအပ်သူဖောက်သည်အမျိုးသမီးရဲ့ လင်ယောက်ျားက  ဓားနဲ့ ဝင်ခုတ်ကြောင်း၊ နောက် အပြန်အလှန်စကားများကြပြီး အပ်ချုပ်ဆိုင်ဖွင့်လှစ်ထားသူအမျိုးသမီးကိုပါ ဓားနဲ့ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်ကို သိရှိတဲ့ အဆိုပါရပ်ကွက်တွင်း နေထိုင်သူက ပြောပါတယ်။

ဖြစ်စဉ်ကို မြေပြင်အကူအညီဝင်ရောက်ဆောင်ရွက်ပေးခဲ့တဲ့ ရပ်ကွက်နေပြည်သူ တစ်ဦးကလည်း ” သူက (အပ်ချုပ်ဆိုင်ပိုင်ရှင်) ကလေးရှိတယ်။ အသက် ၇ နှစ်။ ဒုတိယတန်းတက်နေတာ ။ ဗိုက်ထဲမှာလည်း ကိုယ်ဝန်နဲ့လို့ ပြောတယ်။ ဓားနဲ့ လည်းပင်းကို ထိုးပြီးမှ ဆွဲလှီးသွားတာ ဒဏ်ရာ အရမ်းပြင်းတယ်။ ကောင်မ‌လေးအဖေကိုလည်း လက်ကို ခုတ်ပြီးမှ‌ ‌‌ ကောင်မ‌လေးကိုထပ်လုပ်သွားတာ။ ထိုးတဲ့‌သူက ဈေးထဲ အမဲဖျက်တဲ့သူ” လို့ ဖြစ်စဉ်ကို မျက်မြင် သိရှိရ‌သလောက် MT News ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူအမျိုးသမီးမှာ အသက် ၂၈ နှစ်ဝန်းကျင်သာ ရှိသေးပြီး၊ ဓားဒဏ်ရာရရှိတဲ့  လူနာသားအဖ ၂ ဦးကို စံပြဆေးရုံဆီ မေတ္တာသီတာရေစင်ပရဟိတအဖွဲ့က ကူညီပို့ဆောင်ပေးခဲ့ကာ၊ ဆေးရုံမှာ ကုသမှုခံယူနေစဉ် ရရှိတဲ့ဒဏ်ရာကြောင့် အမျိုးသမီးမှာ အသက်ဆုံးရှုံးတယ်လို့ သိရပါတယ်။ အဆိုပါအမှုကို တောင်ဥက္ကလာပ ရဲစခန်းက စုံစမ်းစစ်ဆေးနေပြီး ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူ လူတစ်စုကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

ပုံစာ။ သေဆုံးသူအမျိုးသမီးနှင့် အခင်းဖြစ်စဥ်မြင်ကွင်းအချို့(Photo – မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်း ၊ CJ)

Leave a Reply

Your email address will not be published. Required fields are marked *