September 19, 2024

၇. ၉. ၂၀၂၄
Written by Nyein Kyaw

ယခုနှစ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကို လေ့လာကြည့်ပါက ယခင်က တစ်ခါတစ်ရံသာ ရေကြီးခဲ့သည့် မြို့များ၌ ယခုအခါ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများ ကြုံတွေ့လာရသည်ကို တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြောကြားခဲ့သည်။

လတ်တလော ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများသည် ရေဝေရေလဲသစ်တောများ အကြောင်းမျိုးမျိုးကြောင့် ပြုန်းတီးပျက်စီးခြင်း၊ နုန်းအနည်အနှစ်များ ပို့ချမှုများခြင်း၊ ရေစီးရေလာများ ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ပျက်စီးခြင်း၏ အကျိုးဆက်များပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံအဝန်း မြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသ အသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း Landscape များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက မှာကြားသည်။

ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ နိုင်ငံအဆင့် သစ်ပင်စိုက်ပွဲတော် ၁၀ ကြိမ်၊ စိုက်ပင်ပေါင်း ၁၇၆၆၇ ပင်၊ နိုင်ငံနှင့်အဝန်း သစ်ပင်စိုက်ပျိုးပွဲတော် ၁၅၈၄ ကြိမ်၊ စိုက်ပင်ပေါင်း ၁ ဒသမ ၁၃၈ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အားပေး‌ဆောင်ရွက်လျက်ရှိရာ ယခုနှစ် အပါအဝင် နိုင်ငံအဝန်း သစ်ပင်ပေါင်း ၂၂ ဒသမ ၈၉၆ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပုံစာ။ ဇူလိုင်လအတွင်း သောင်းရင်းမြစ်ရေလျှံ၍ မြဝတီမြို့ ရေကြီးရေလျှံမှုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *