September 19, 2024

၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

စက်တင်ဘာလ ၆ ရက်၊ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်း ရာဂီက စက်တင်ဘာလ ၇ ရက်မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဟိုင်ဖောင်မြို့အနီးမှ ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် အာရှတိုက်၏ အင်အားအပြင်းဆုံးမုန်တိုင်းလည်းဖြစ်သည့် ရာဂီက ဗီယက်နမ်မြောက်ပိုင်းကမ်းခြေကို တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ခန့်ဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖြတ်ကျော်နေကြောင်း၊ လူဦးရေ နှစ်သန်းခန့်ရှိပြီး စက်ရုံအလုပ်ရုံများစွာ တည်ရှိသည့် ဟိုင်ဖောင်မြို့က မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံနေရကြောင်း နိုင်ငံမိုးလေဝသဌာနက ပြောခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် ဟိုင်ဖောင်မြို့အတွင်း အဆောက်အအုံများ၏ မှန်ပြတင်းပေါက်များ ကွဲအက်ကြေမွကာ သစ်ပင်အကိုင်းအခက်များလည်းကျိုးကုန်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောခဲ့သည်။

ဗီယက်နမ်အစိုးရက ကမ်းခြေမြို့များမှ လူ ၅၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းကယ်ဆယ်မှုပြုထားပြီး စစ်သား ၄၅၀,၀၀၀ ခန့်ကို ကယ်ဆယ်ရေးအတွက် တပ်ချထားကြောင်းပြောခဲ့သည်။ ဟနွိုင်မြို့အပါအဝင် မြို့လေး မြို့၏လေဆိပ်များကိုလည်းပိတ်ကာ ပျံသန်းရေးခရီးစဉ် ၃၀၀ ကျော်ဖျက်သိမ်းထားကြောင်း သိရသည်။

ရာဂီမုန်တိုင်း က ကုန်းတွင်းသို့ဆက်လက်ရွေ့ရှားကာ စက်တင်ဘာလ ၇ ရက် ယနေ့ညပိုင်းတွင် မြို့တော် ဟနွိုင်အနီးမှဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

Ref- Japan Times

Leave a Reply

Your email address will not be published. Required fields are marked *