September 19, 2024

◾ နိုင်ငံရေးမတည်ငြိမ်မှုအပြင် စာချုပ် ချုပ်ဆိုချိန်ကဈေးနှုန်းဖြင့် လက်ရှိလုပ်ဆောင်၍မရနိုင်တော့သည့်အကြောင်းလည်းပါဝင်

၇.၉.၂၀၂၄
Written By Zun

စာချုပ်ချုပ်ဆိုထားသော ဆိုလာစွမ်းအင်စီမံကိန်းများ ရပ်ဆိုင်းနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

ယင်းသို့ရပ်ဆိုင်းနေခြင်းမှာ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ ငွေရေးကြေးရေးအခြေအနေ စသည့်အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

“ဆိုလာတွေ စာချုပ်ချုပ်တာတို့ စာချုပ်အဆင့်ပဲရှိတယ်။ ဒီမှာက စာချုပ်အဆင့်ပဲရှိပြီး တည်ဆောက်ရေးမတက်လာတဲ့စီမံကိန်းတွေများတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးအခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေ၊ ငွေရေးကြေးရေးအခြေအနေတွေကြောင့်ပေါ့။ ဈေးနှုန်းတွေ မကိုက်ဘူးလေ။ ဈေးနှုန်းတွေက အဆမတန်တက်တော့ မလုပ်နိုင်ရင်ဖျက်။ နောက် တချို့ကြ သွင်းကုန်လိုင်စင်တွေပြဿနာရှိတယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့ကိစ္စတွေ။ သူတို့က အရင်စာချုပ် ချုပ်တုန်းက ရင်းနှီးမြှုပ်ဖို့၊ အခုလိုလည်းဆိုရော ဈေးနှုန်းတွေက မြင့်ကုန်ရော။ အဲဒါမျိုးပေါ့။ အထွေထွေပေါ့ဗျ။ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ငွေကြေးအပြောင်းအလဲလိုင်စင်တင်ရတဲ့ အခက်အခဲ၊ နောက်တစ်ခါနိုင်ငံတကာနဲ့ပတ်သက်တဲ့နည်းပညာနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ တင်သွင်းရခက်တဲ့အခက်အခဲတွေကြောင့် ရပ်တာပါ။ အဲလိုရပ်နေတာ့ ဒီလာမယ့်၂၀၂၅ အတွင်းမှာ အထွေအထူးဝင်စရာမရှိဘူး”ဟု အဆိုပါဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက MT News ကို ပြောသည်။

မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာတည်ထောင်ခြင်း စီမံကိန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က ဖွင့်လှစ်ထားခဲ့သည်။

အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ဆိုလာ လျှပ်စစ်ဓာတ်အားဆိုင်ရာ အသုံးချအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံရှိ နေရောင်ခြည် စွမ်းအင်သုံး Photovoltaic အသုံးချမှုသမိုင်းတွင် အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် တည်ဆောက်မှုကာလ တိုတောင်း၍ နိုင်ငံတော်အတွက်လိုအပ်သည့် ဓာတ်အားကို ကာလတိုအတွင်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည့်အပြင် ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄)အရ ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy)အရင်းအမြစ်များမှ (၁၇) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းမှာ ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး ၎င်းစီမံကိန်းကြောင့် နိုင်ငံမြောက်ပိုင်းရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ၅၀၀ ကေဗွီ ဓာတ်အား လိုင်းစနစ်ဖြင့် ပြည့်ဝစွာ ဓာတ်အားပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ယခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *