September 19, 2024

၇. ၉. ၂၀၂၄
Translated by Htwe Ko Tun


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) ၏ အဖွဲ့ခွဲနှစ်ခုနှင့် ၎င်းသို့ဝင်ရောက်ထားသော အဖွဲ့များအကြား ခြိမ်းခြောက်ငွေညှစ်မှုနှင့် ပိုင်နက်စိုးမိုးလိုမှုတို့ကို အခြေခံသော အငြင်းပွားမှုများမှတစ်ဆင့် ချန်ဒ်ပူခရိုင်၊ ပူရန်ဘဇာနယ်မြေတွင် စက်တင်ဘာလ ၆ ရက်ညက ရင်ဆိုင်တိုက်ခိုက်မှုများအထိဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

နာရီအတော်ကြာအောင်ဖြစ်ပွားခဲ့သော ၎င်းတို့၏ခိုက်ရန်ဖြစ်ပွားမှုက နောက်ဆုံးတွင် စစ်တပ်နှင့်ရဲတို့က လာရောက် ထိန်းသိမ်းရသောအခြေအနေသို့ ရောက်ခဲ့ရသည်။ ရဲတပ်ဖွဲ့နှင့် ဒေသခံသတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ ခြိမ်းခြောက်ငွေညှစ်မှုနှင့် ပိုင်နက်စိုးမိုးလိုမှုတို့ကို အခြေခံသော အငြင်းပွားမှုများမှတစ်ဆင့် နှစ်ဖက် စတင်တိုက်ခိုက်ခဲ့ကြခြင်းဟု ဆိုသည်။

ထိုအငြင်းပွားမှု ပြဿနာကို ဖြေရှင်းရန်ကြိုးစားခဲ့ကြသော်လည်း စက်တင်ဘာလ ၆ ရက် ညနေပိုင်းတွင်မူ တင်းမာမှုများက ပို၍အရှိန်မြင့်လာကာ ဈေးဆိုင်များကို လက်သရမ်းဖျက်ဆီးမှုများလည်း ဖြစ်လာခဲ့ရသည်။ တိုက်ခိုက်မှုများတွင် ဒဏ်ရာရသူများအနက် ၃၅ ဦးကို ချန်ဒ်ပူ ကုတင် ၂၅၀ အထွေထွေဆေးရုံတွင် ဆေးကုသပေးလျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဒဏ်ရာရရှိသူများက အဆိုပါဖြစ်ရပ်တွင် ၎င်းတို့ကခြိမ်းခြောက်ငွေညှစ်မှုများမပြုလုပ်ရန် တားဆီးရာမှ BNP ပါတီ၏ ဒေသခံခေါင်းဆောင်များဖြစ်သော ရော့ဘ်မီဇီ၊ ရာနာမီဇီ၊ ရှာဖစ်မီဇီ တို့ဦးဆောင်သော လူ ၂၀၀ ကျော်က ၎င်းတို့ကို နံပါတ်တုတ်များ၊ ရိုးရာကိုင်ဆောင်သည့်လက်နက်များဖြင့် ရိုက်နှက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ ဒဏ်ရာရသူအများအပြားမှာ ပြင်းထန်စွာရိုက်နှက်ခံရပြီး စိုးရိမ်ဖွယ် ထိခိုက်ဒဏ်ရာများရခဲ့ကြသည်။

ဒဏ်ရာရရှိသူများထဲမှ တစ်ဦးဖြစ်သော မိုဟာမက် အလမ်ခန်းက “ရော့ဘ်မီဇီနဲ့ သားဖြစ်တဲ့ ရာနာမီဇီတို့က အပြစ်မဲ့လူတစ်ယောက်ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ပြီး ခြိမ်းခြောက်ငွေညှစ်မှု စလုပ်ခဲ့ကြတယ်။ ဒေသခံလူငယ်တစ်ဦးက ဝင်ပြောဖို့ကြိုးစားရာမှာ လုံးထွေးသတ်ပုတ်မှုတစ်ရပ် စဖြစ်ခဲ့ကြတယ်။ ဒေသခံနေထိုင်သူတွေကတော့ ဒီကိစ္စဖြေရှင်းလိုက်ပါပြီ ပြောကြတာပဲ။ ဒါပေမယ့် ညနေ ၆ နာရီလောက်လည်းကျရော ရော့ဘ် မီဇီက လက်နက်တွေကိုင်ထားတဲ့ တခြားအပြင်လူတွေပါခေါ်လာပြီး ဒီနယ်မြေထဲမှာ ဈေးဆိုင်တွေကို လိုက်ဖျက်ဆီးခဲ့ကြတယ်။ ကျွန်တော်တို့က မလုပ်ဖို့ပြောတော့ ကျွန်တော်တို့ကိုပါ အမျိုးသားရော၊ အမျိုးသမီးတွေပါမချန် သူတို့က ရိုက်နှက်ခဲ့ကြတာပဲ” ဟုပြောခဲ့သည်။

ချန်ဒ်ပူခရိုင် ရဲစခန်းမှူး အလမ်ဂျာ ဟော့စိန် ရိုနီက “ဒီခိုက်ရန်ဖြစ်ပွားမှုက ပူရန်ဘဇာ နယ်မြေအတွင်း ပိုင်နက်ဩဇာ လွှမ်းမိုးလိုမှု အငြင်းပွားချက်အပေါ် အခြေခံဖြစ်ရတာပါပဲ။ သတင်းတွေရပြီးတဲ့နောက် တပ်နဲ့ ရဲက လုံခြုံရေးအတွက် နယ်မြေအတွင်း တပ်ဖြန့်ချထားပါတယ်။ အခြေအနေကိုထိန်းချုပ်နိုင်ပါပြီ။ ဥပဒေအရ အရေးယူမှုတွေကိုတော့ တိုင်ကြားမှုတွေရလာပြီးတဲ့နောက် ဆောင်ရွက်သွားမှာပါ” ဟု ပြောခဲ့သည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *