September 20, 2024

၇.၉.၂၀၂၄
Written by KL

မူဆယ်မြို့၊ ၁၀၅ မိုင် တိုက်ပွဲကြောင့် မူဆယ်မြို့ပေါ် စစ်ရှောင်လာရသော ၅ လအရွယ် လသား မိန်းကလေးတစ်ဦးတွင် ဦးခေါင်းအရည်အိတ်နှင့် ခါးတွင် အနာကြီးဖြစ်ပေါ်လာသဖြင့် ဒုတိယအကြိမ် ကုသရန် အကူအညီ လိုအပ်နေကြောင်း ကူညီပေးသည့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကလေးတွင် အမွှာညီအမရှိပြီး အမဖြစ်သူမှာ ကျန်းမာသော်လည်း အငယ်ဖြစ်သူမှာ ဦခေါင်းတွင် အရည်အိတ်နှင့် ခါးတွင် အချင်း ၃ လက်မခန့်ရှိသော အနာဝိုင်းကြီးဖြစ်နေခြင်းဖြစ်သည်။

ကလေးကို မူဆယ်ဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ကုသနိုင်ခြင်းမရှိသည့်အတွက် မန္တလေးဆေးရုံကြီးသို့ ပထမအကြိမ် သွားရောက်ပြသခဲ့ရာ ဦးခေါင်းမှ အရည်အိတ်ကို ဦးစွာခွဲစိတ်၍ ဦးခေါင်းမှ ဆီးအိမ်အထိ ပိုက်ထည့်ခဲ့ရပြီး ဦးခေါင်း အနာကျက်သည်အထိ ၃ လခန့်စောင့်ဆိုင်းကာ ခါးရှိ အနာကို ခွဲရမည်ဟုဆိုသဖြင့် မူဆယ်မြို့ကို ပြန်လာခဲ့ရသော်လည်း လမ်းခရီး ခက်ခဲကြမ်းတမ်းခြင်း၊ ကလေးနုနယ်ခြင်း၊ ရောဂါဒဏ်ရာ ကြီးမားခြင်းတို့ကြောင့် မူဆယ်မြို့သို့ ရောက်သောအခါ ခွဲစိတ်ဒဏ်ရာ ပြန်လည် ယောင်ရမ်းလာခဲ့ကြောင်း သိရသည်။

ယင်းသို့အခြေအနေကြောင့် မန္တလေးဆေးရုံကြီးသို့ ပြန်လည်ပြသရမည်ဖြစ်သော်လည်း မိဘများမှာ ဆင်းရဲနွမ်းပါးပြီး စစ်ရှောင်နေရသဖြင့် ဆေးကုသစရိတ်လိုအပ်နေသောကြောင့် လှူဒါန်းလိုသူများအနေဖြင့်-ဖုန်း ၀၉ ၆၇၆၈၉၂၃၇၄၊ Kpay-Hlaing Aye ၀၉ ၂၅၂၉၃၃၅၆၆ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

“ပထမတစ်ခါခွဲစိတ်တုန်းက သိန်း ၃၀ လောက်ကုန်တယ်။ အဲ့ဒီတုန်းကလည်း မိသားစုက သူတို့မှာရှိတာလေးရယ်၊ အများအကူညီနဲ့ခွဲခဲ့ရတာ။ အခုလည်း မိသားစုက မတတ်နိုင်ဘူး။ ကလေးလေးရဲ့အသက်တစ်ချောင်းကို တတ်စွမ်းသရွေ့ကူညီ​ပေးစေချင်ပါတယ်”ဟု လက်ဖက်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *