September 19, 2024

◼️ အားအလွန့် အလွန်ကောင်းသော ရာဂီမုန်တိုင်း ဝင်ရောက်မှုကြောင့် ဟိုင်နန်ကျွန်းတွင် လူတစ်သန်းခန့် အိုးအိမ်များကိုစွန့်ခွာထွက်ပြေး၊ လူနှစ်ဦးသေဆုံး၍ ၉၂ ဦးဒဏ်ရာရ

၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာပေါ်တွင် ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအားအကောင်းဆုံးသော အပူပိုင်းဆိုင်ကလုံးမုန်တိုင်းဖြစ်သော စူပါတိုင်ဖွန်း ရာဂီက စက်တင်ဘာလ ၆ ရက်မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းရှိ ဟိုင်နန်ကျွန်း၏မြောက်ဘက်အပိုင်းသို့ Wenchang မြို့အနီးမှ ကုန်းတွင်းဝင်ရောက်ခဲ့ကြောင်း ဟိုင်နန်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနချုပ်က ပြောခဲ့သည်။

တိုင်ဖွန်းရာဂီကြောင့် ဟိုင်နန်ကျွန်းတစ်ကျွန်းလုံးတွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းများ အဆင့် ၁၃ မှ ၁၆ အထိ တိုက်ခတ်ခဲ့သည်။ ကုန်းတွင်းဝင်ရောက်စဉ် ရာဂီက တစ်နာရီလျှင် ၁၃၈ မိုင်ခန့် လေပြင်းတိုက်ခတ်လျက်ရှိ‌ရာ အိမ် ၈၃၀,၀၀၀ ခန့်မှာ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည်။ သို့သော် စက်တင်ဘာလ ၆ ရက် ညပိုင်းတွင် အိမ်ခြေ ၂၆၀,၀၀၀ ခန့်အား လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန်ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုင်ဖွန်းရာဂီကြောင့် ဟိုင်နန်ကျွန်းတွင် လူနှစ်ဦးသေဆုံးကာ ၉၂ ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

စူပါတိုင်ဖွန်း ရာဂီကြောင့် တရုတ်နိုင်ငံတောင်ပိုင်းတွင် လူတစ်သန်းခန့် အိုးအိမ်များကို စွန့်ခွာရှောင်တိမ်းနေခဲ့ရသည်။ တိုင်ဖွန်းရာဂီက ပထမအကြိမ်ကုန်းတွင်းဝင်ရောက်မှုအဖြစ် ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်စဉ်ကလည်း မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ကာ လူ ၁၆ ဦးသေဆုံးပြီး ၁၇ ဦးပျောက်ဆုံးလျက်ရှိကာ လူ ၄၇,၆၀၀ ဦးကျော် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။

ပင်လယ်ပြင်တစ်လျှောက် ဖြတ်သန်းတိုက်ခိုက်မှု အရှည်ကြာဆုံးသောမုန်တိုင်းဖြစ်သည့် တိုင်ဖွန်းရာဂီက ဖိလစ်ပိုင်မြောက်ပိုင်းနှင့် တရုတ်ဟိုင်နန်ကျွန်းများသို့ ကုန်းတွင်းဝင်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ အား ကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် စက်တင်ဘာ လ ၇ ရက် ညနေပိုင်းတွင် တတိယမြောက် ကုန်းတွင်းဝင်ရောက်မှုပြုမည်ဟု ခန့်မှန်းထားကြသည်။

ကုန်းတွင်းဝင်ရောက်ချိန်တွင် မုန်တိုင်းက တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၀ မိုင် အထိရှိနိုင်မည်ဖြစ်ပြီး ကုန်းတွင်း၌ မြို့တော်ဟနွိုင်ဘက်ဆီသို့ ဦးတည်ရွေ့ရှားကာ စက်တင်ဘာလ ၇ ရက် ညပိုင်းတွင် ဟနွိုင်မြို့အနီးမှဖြတ်သန်းမည်ဖြစ်သည်။

Ref- The Guardian, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *