September 20, 2024

၇.၉.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ သံလွင်တံတား၊ တိုင်အမှတ် ( RP-18) တွင် ဆရာဝန်တစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ဘုန်းကြီးတစ်ပါးမောင်းနှင်လာသည့်ယာဥ်မှ တိုက်မိရာက ဆိုင်ကယ်စီးလာသည့်ဆရာဝန်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၆ ရက် ည ၆ နာရီခွဲအချိန်တွင် မုတ္တမမြို့မှ မော်လမြိုင်သို့ ပြန်လာသည့် မော်တော်ဆိုင်ကယ်နှင့် မော်လမြိုင်မှ မုတ္တမသို့ သွားမည့် ဘုန်းကြီးမောင်းနှင်လာသောမော်တော်ယာဥ်တို့တိုက်မိရာမှ မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် ဆရာဝန်အမျိုးသားမှာ အခင်းဖြစ်ရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။

“ဆိုင်ကယ်မောင်းတဲ့သူက ပေါင်မြို့မှာ တာဝန်ကျနေတဲ့ ငှက်ဖျားရောဂါကု ဆရာဝန်။ သူ့အိတ်ထဲမှာ ဝန်ထမ်းကတ်တွေလည်းပါတယ်။ သူ့ရဲ့ဆိုင်ကယ်ဦးထုပ်လည်း ဘေးမှာတွေ့တယ်။ ဆိုင်ကယ်ကတော့ အလယ်ပိုင်းကနေပြတ်သွားတယ်။ ကားလည်းအရှေ့ခြမ်းပျက်စီးသွားတယ်။ ကားမောင်းတဲ့သူက ဘုန်းကြီး။ အသက်တော်တော်ကြီးနေပြီ။ ဘုန်းကြီးကိုတော့ သက်ဆိုင်ရာက ခေါ်ဆောင်သွားတယ်”ဟု ရုပ်အလောင်းအားသွားရောက်သယ်ဆောင်သည့် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်ခံရမှုကြောင့် သေဆုံးသည့် ဆရာဝန်မှာ အသက် (၃၈) နှစ်အရွယ်ခန့်ရှိပြီး ပေါင်မြို့တွင် တာဝန်ကျနေသည့် အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်မှဆရာဝန် ဆရာဂျွိုင်းဆိုသူဖြစ်ကြောင်း၊ ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *