September 20, 2024

၇. ၉. ၂၀၂၄
Written by Thettant

အာဒိုဂန်နဲ့ အောင်လပွဲမှာ အာဒိုဂန်က အရေးသာနိုင်ပြီး သူ့ဆီက ချန်ပီယံစိန်ခေါ်ခွင့်ရမှာဖြစ်တယ်လို့ ဝိတ်တန်းသုံးခုချန်ပီယံ အနာတိုလီ မာလီခင်က ခန့်မှန်းလိုက်တဲ့အတိုင်းပဲ အောင်လအန်ဆန်း မရှုမလှ အရေးနိမ့်သွားပါတယ်။

အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့က ဘောအရီနာကွင်းကြီးမှာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲက ကျင်းပနေတဲ့ MMA ပွဲမှာ အသက် ၃၉ နှစ်သား မြန်မာ့စပါးကြီးမြွေ အောင်လနဲ့ အသက် ၃၄ နှစ်အရွယ် တူရကီဖိုက်တာ ရှမေးလ် အာဒိုဂန်တို့ ထိုးသတ်ပြီး အာဒိုဂန်က သူ့အဖို ၁၀ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရယူသွားခဲ့တာပါ။

ပထမအချီ ပွဲအစ စက္ကန့် ၃၀ လောက်မှာတင် အာဒိုဂန်က အောင်လကို Stand Fight ယှဥ်ထိုးရင်း ချုပ်နိုင်ခဲ့တာပါ။ ချုပ်ထားတာကို အောင်လ ရုန်းမထွက်နိုင်ခဲ့ဘဲ ပထမအချီ ငါးမိနစ်လုံးလုံး အာဒိုဂန်စိတ်ကြိုက် Takedown လုပ်မှု၊ ထိုးကြိတ်မှု ခံခဲ့ရပြီး ပထမအချီပြီးခါနီးဆို အာဒိုဂန်ရဲ့ ခွချုပ်ပြီးရိုက်တဲ့ တံတောင်ရိုက်ချက် အောင်လမျက်နှာပြင်ထက် ငါးချက်အထက် ခံခဲ့ရလို့ ပွဲပြတ်ပြီလို့ကို ထင်ခဲ့ရတာပါ။

အာဒိုဂန်ဟာ ခန့်မှန်းထားတာထက်ကို ကြံ့ခိုင်သန်စွမ်းလွန်းနေပြီး ဒုတိယအချီအစမှာလည်း အောင်လကို Stand Fight ယှဥ်ထိုးရာမှာ ပထမအချီအထိနာထားတဲ့ အောင်လပဲ တစ်ဖက်သတ်အထိုးခံနေရသလို ဒုတိယအချီ တစ်မိနစ်ခွဲအကျော်မှာတော့ အပေါ်ကနေ ချုပ်ပြီး အာဒိုဂန်က တစ်ဖက်သတ်ထိုးနေတာကြောင့် ဒိုင်ပွဲရပ်နဲ့ အောင်လအရေးနိမ့်သွားပါတယ်။

ဒီနေ့ပွဲမှာ အာဒိုဂန်ဟာ အောင်လလို နှစ်ထပ်ကွမ်းချန်ပီယံတစ်ယောက်ကို ကလေးနဲ့ လူကြီးဆော့သလို စိတ်ကြိုက်ထိုးသတ်သွားတာဖြစ်ပြီး အောင်လက အာဒိုဂန်ကို လက်သီး ၁၀ ချက်ပြည့်အောင် မထိုးနိုင်ခဲ့ပေမဲ့ အာဒိုဂန်ကတော့ အချက်ရေရာနဲ့ချီပြီး ထိုးရင်း သူ အောင်လကို သုံးချီမပြည့်ခင် အနိုင်ယူမယ်လို့ ကြုံးဝါးထားတဲ့အတိုင်း လုပ်ပြသွားခဲ့တာဖြစ်သလို အောင်လကလည်း အာဒိုဂန်ကို သူအားသာတယ်ဆိုတဲ့ Stand Fight ရော Ground Fight ပါ မယှဥ်နိုင်ခဲ့တာတွေ့ရတာမို့ မကြာခင် ၄၀ ပြည့်တော့မယ့် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း အောင်လဟာ အသက်အရွယ်အရ ခွန်အားရော၊ သက်လုံပါ ကျသွားပြီဆိုတာ အသေအချာမို့ One စင်မြင့်မှာ မြန်မာ့စပါးကြီးမြွေရဲ့ အားမာန်အပြည့်နဲ့ အောင်ပွဲခံနေတဲ့ပုံရိပ်ကို မြန်မာပရိသတ်တွေ ထပ်မံမြင်တွေ့ရဖို့ဆိုတာကတော့….။

Leave a Reply

Your email address will not be published. Required fields are marked *