September 20, 2024

၇.၉. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် KNU နှင့် PDF များက ဒရုန်းဖြင့်တိုက်ခိုက်၍ တစ်နေ့တာအတွင်း လူနှစ်ဦးသေဆုံးမှုအပြင် ကလေးငယ်နှစ်ဦးနှင့် သံဃာလေးပါး အပါအဝင် ၁၃ ဦး သေဆုံးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အတွင်းသို့ BWM PDF အဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးကိုကိုနိုင်(၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ အလားတူ နံနက် ၇ နာရီတွင် အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်အတွင်းသို့ BWM PDF အဖွဲ့ကပင် ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးနှစ်လုံးကျ ရောက်ပေါက်ကွဲခဲ့မှုကြောင့် ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာရပ်ကွက်သို့ PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုဟိန်းမြတ်တိုး (၁၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ဦးညီညီဝင်း(၄၅)နှစ်နှင့် ကိုဘိုဇော်ဟန်(၂၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား လေညှာရပ်ကွက်ရှိ ဆေးပေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အောက်ခုံကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်မြသန်း (၄၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်ဖိုးလပြည့်(၇)နှစ်၊ မရတနာဦး(၈)နှစ်၊ ဦးအေး(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ဗုံးသီးပေါက်ကွဲထိမှန်ဒဏ်ရာများဖြင့် သံဃာတော်လေးပါးနှင့် အမျိုးသားတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေ့လယ် ၁၂ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အင်းဖိုကျေးရွာရှိ အင်းဖိုဘုန်းကြီးကျောင်း အတွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အင်းဖိုဘုန်းကြီးကျောင်းမှ သံဃာတော်များဖြစ်သည့် ရှင်ခန္တိသာရ(၁၅)နှစ် (၂)ဝါ၊ ရှင်ပါဝိသ(၁၆)နှစ်(၂)ဝါ၊ ရှင်ဝါရာဒိဒ္ဒ(၁၅)နှစ်(၂)ဝါ၊ ရှင်ဝိသာရ(၁၇)နှစ်(၃)ဝါနှင့် ကပ္ပိယဖြစ်သူ ဦးသာလှ (၄၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *