၂၃. ၉.၂၀၂၂
Written by Nay Moe
၁။
၂၀၂၃ ရွေးကောက်ပွဲဝင်ပြိုင်ဖွယ်ရှိတဲ့ အမတ်လောင်းတွေနဲ့ မိသားစုဝင်တွေကို လုပ်ကြံဖို့ ညွှန်ကြားထားတဲ့ စာတစ်စောင် လူမှုကွန်ရက်မှာ စက်တင်ဘာ ၂၃ ရက်ကစပြီး ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ဒီညွှန်ကြားစာမှာတော့ NUG က သူ့ရဲ့ PDF တပ်ဖွဲ့တွေကို ၂၀၂၃ PR ရွေးကောက်ပွဲ မဖြစ်စေရေးအတွက် ကြိုးစားအားထုတ်ဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ NUG ရဲ့ ညွှန်ကြားစာမှာဆိုရင် ” မိမိ cell များအား နိုင်ငံရေးပါတီများ၏လက်ရှိလှုပ်ရှားနေမှုများစောင့်ကြည့်ထားရန် နိုင်ငံရေးပါတီများ (အထူးသဖြင့် USDP, NUP, PPP) တို့၏ တိုင်း/ ခရိုင်/ မြို့နယ် ရပ်ကျေးအဖွဲ့များစာရင်း (Update) ကိုစုံစမ်းရယူထားရန်၊ ရွေးကောက်ပွဲသည် ထွက်ပေါက်မရှိသည့် နစက အတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်၍ ရွေးကောက်ပွဲမလုပ်နိုင်ရေး၊ နိုင်ငံရေး/ စစ်ရေးနည်းလမ်း/ အခြားနည်းလမ်းစသော နည်းလမ်းအမျိုးမျိုးဖြင့်တားဆီးဆောင်ရွက်ရန်၊ လူထုသပိတ်များကို စစ်တပ်နှင့်ကွာဝေးသောကျေးရွာများမှအစပြု၍ မြို့ပေါ်အထိတိုးချဲ့ ဆောင်ရွက်ရန်၊ ရွေးကောက်ပွဲဝင်နိုင်သည့် အမတ်လောင်းများစာရင်းကို ကြိုတင်စုံစမ်းစုဆောင်း၍ ကိုယ်ရေးအချက်အလက်များရနိုင်ပါကရှာဖွေထားရန်၊ ရပ်/ ကျေး/ မြို့နယ်/ ခရိုင်ရွေး/ ကော်များအကြား စိမ့်ဝင်သတင်းရယူရေးစီစဉ်ထားရန်၊ လွှတ်တော်အမတ်စာရင်းအတိအကျရရှိပါက (အထူးသဖြင့် USDP, NUP, PPP) ယင်း တို့၏နေရပ်လိပ်စာ/ကိုယ်ရေးရာဇဝင်များရယူထားရန်၊ ဦးစားပေးအနေဖြင့် ရွေးကောက်ခံ လွှတ်တော်အမတ် ဒုတိယဦးစားပေး ၎င်းတို့၏ မိသားဝင်များအားလုံးလုပ်ကြံရန် အခက်အခဲရှိပါက ၎င်းတို့နေထိုင်သည့်နေအိမ်များအား လူစု လူဝေးဖြင့် ဖျက်ဆီးခြင်း/မီးရှို့ခြင်း စသည့်လုပ်ငန်းများဖြင့် တားဆီးရန်၊ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက အသုံးပြုနိုင်သည့်မဲရုံနေရာများအားကြိုတင်စုံစမ်းသတင်း စုဆောင်းထားရန်၊ ရွေးကောက်ပွဲကျင်းပရန် ကြေငြာပြီးသည်နှင့် ရွေးကောက်ပွဲအကြိုကာလရောက်ရှိပါက လိုအပ်သည့်ညွှန်ကြားချက်များ ထုတ်ဆင့်မည်ဖြစ်ပြီး ၎င်းညွှန်ကြားချက်ပါအတိုင်းလိုက်နာ ဆောင်ရွက်ရန်ညွှန်ကြားခဲ့သည်” လို့ ဒီပေါက်ကြားစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ NUG ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုက အခုမှတော့ မဟုတ်ပါဘူး။ ပထမတစ်ကြိမ်မှာလည်း NUG ကို ဝေဖန်နေတဲ့ မထောက်ခံတဲ့သူတွေကို လုပ်ကြံဖို့အတွက် ဒေါ်လာတစ်သန်း ရန်ပုံငွေချထားတယ်လို့လည်း Hit List စာရင်းနဲ့တကွ သတင်းထွက်ခဲ့ပါသေးတယ်။ NUG က သူ့ကို မထောက်ခံလို့ သတ်ဖြတ်မယ်လို့ စာရင်းပြုစုခံရသူတွေဟာ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအသီးသီးမှာ ထင်ရှားသူတွေဖြစ်လို့ မီဒီယာတွေက ဝိုင်းဝန်းမေးချိန်မှာတော့ Hit List မရှိပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ NUG ရဲ့ Hit List မှာ ဖော်ပြခံရသူတွေကတော့ အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် အထူးဂရုပြုနေထိုင်နေရတယ်လို့လည်း NUG ရဲ့ Hit List စာရင်းဝင်တချို့ဆီက သိရပါတယ်။’
‘NUG ရဲ့ Hit List မှာ ပါနေတယ်လို့ ယုံကြည်ရတဲ့သူတွေက သတင်းပေးတာပေါ့။ ကျွန်တော်တို့ NUG ကို မထောက်ခံဘူးဆိုတာက ပြည်သူအချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေလို့ ပြည်သူတွေသေကြေပျက်စီးနေတာမမြင်ချင်လို့ မထောက်ခံတာ။ ဒါပေမဲ့ SAC ကို ထောက်ခံတာလားဆိုတော့လည်း မဟုတ်ပါဘူး။ NLD ပါတီက အကြီးအကဲတွေက မဲမသမာမှုမလုပ်ဘူးလို့ မပြောဘဲ ထောင်ထဲဝင်သွားဦးတော့ သူတို့ရဲ့ ငြင်းဆိုမှု တိတိပပသိဖို့ ပြည်သူ့အတွက် ထုတ်ပြန်ပေးသင့်တယ်။ ဥပမာ ဒီမဲမသမာမှုဟာ သွေးရိုးသားရိုးမှားတာလား။ အောက်ခြေကပဲ နိုင်ချင်ဇောနဲ့ မဲမသမာမှုလုပ်တာလား။ တကယ့်ကို NLD ပါတီရဲ့ CEC အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲမှာ အကုန်နီးပါးနိုင်ဖို့ မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုပြီး တညီတညွတ်ဆုံးဖြတ်ပြီး မဲမသမာမှုလုပ်ခဲ့သလားဆိုတာ အဖြေထုတ်ရမယ်။ အဖြေထုတ်ပြီးရင် ဒီမဲမသမာမှုက သွေးရိုးသားရိုးမှားတယ်ဆိုရင် ပြန်သုံးသပ်ရမဲ့ အပိုင်းတွေရှိလာတယ်။ အခု တပ်ကစိစစ်တဲ့ မဲစာရင်းအရ ၃၀ ရာခိုင်နှုန်းကျော် မှားတယ်လို့ဆိုတယ်။ အရင် ၂၀၁၀၊ ၂၀၁၅ တုန်းကလည်း အဲဒီလိုမျိုး မှားခဲ့တဲ့ရာခိုင်နှုန်းတွေ ရှိနေတာပဲ။ သွေးရိုးသားရိုးမှားယွင်းမှုဆိုရင် ဒီအခြေအနေဆိုးတွေလွန်ဖို့ ပြင်ဆင်သင့်တာတွေလည်း ရှိတယ်။ အဲဒါမျိုးတွေ တပ်က မလုပ်တော့ မကြိုက်ဖူးပေါ့။ ဒါပေမဲ့လည်း NUG ဝေဖန်ရင် သေဒဏ်၊ SAC ဝေဖန်ရင် ထောင်ဒဏ်ဆိုတဲ့အခြေအနေမှာ NUG ရဲ့ Hit List အရလည်း PDF က အသတ်မခံရအောင်၊ SAC ကလည်း သူ့ဝေဖန်လို့ ဖမ်းတာမျိုးမဖြစ်အောင် သတိနဲ့နေနေရတာပဲ။ လောလောဆယ်တော့ NUG ရဲ့ ဘယ် PDF က စုံစမ်းနေတယ်ဆိုတာနဲ့ကို နေရာရွှေ့နေရတဲ့ အခြေအနေပဲလို့ ” NUG ရဲ့ Hit List မှာ ပါဝင်ခံရဖူးသူက သူ့အခြေအနေကို ပြောပါတယ်။
ဒီပေါက်ကြားစာဟာ အတုဖြစ်စေ၊ အစစ်ဖြစ်စေ။ ၂၀၂၃ ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးလို့ ပြောနေတဲ့ NUG ဘက်က ရွေးကောက်ပွဲမဖြစ်မြောက်စေရေး အဖျက်အမှောင့် လုပ်ရပ်တွေ သေချာပေါက်လုပ်လာမယ်ဆိုတာ မြင်သာနေပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကောင်းဖို့ရှိနိုင်ပါသလားဆိုတာကို NUG ချိန်ဆနိုင်ဖို့ လိုသလို SAC ကလည်း ဒီလိုဖြစ်ရပ်တွေ ဘယ်လိုကာကွယ်မလဲဆိုတာ တွေးစရာဖြစ်လာပါတယ်။
”SAC ရဲ့ ထွက်ပေါက်က ရွေးကောက်ပွဲဖြစ်နေသလို မြန်မာနိုင်ငံမှာ ပြည်သူအချင်းချင်း ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်ပြီး နေရာအနှံ့မှာ သေပွဲတွေ ဖြစ်မလာဖို့ ထွက်ပေါက်ကလည်း ရွေးကောက်ပွဲပဲ။ ဒီရွေးကောက်ပွဲဖြစ်လာလို့ PR အစိုးရသစ်တက်လာရင် NUG ရဲ့ အခန်းကဏ္ဍက ပြီးသွားမဲ့ အခြေအနေပဲ။ ဒါကို NUG က လက်မခံနိုင်ဘူး။ ဒါကြောင့် ရှေ့မှာလည်း NUG က USDP နဲ့ PPP ပါတီက အမတ်တွေ ကိုယ်စားလှယ်တွေကို ရာဂဏန်းလောက်အထိ လုပ်ကြံထားလို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေ ရှိနေခဲ့တယ်ဆိုတော့ ဒီပေါက်ကြားစာက အတုရယ်လို့ ပြောနိုင်တဲ့ အခြေအနေမဟုတ်ဘူး။ တကယ်ဖြစ်လာနိုင်တဲ့ အခြေအနေတွေလို့ပဲ မြင်တယ်။ PR ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်သူတွေအဖို့တော့ အသက်ခန္ဓာတည်မြဲဖို့ သတိ၊ ဝိရိယနဲ့ ကြိုးစားရတော့မဲ့ သဘောပဲ” လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသုတေသီတစ်ဦးက သုံးသပ်ပါတယ်။
၂။
NLD ပါတီအနေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှပဲ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရတဲ့ အမတ်နေရာ ၄၀ ကျော်နဲ့ ဘာမှလုပ်မရဘူးဆိုတာ ဝန်ခံခဲ့သလို နိုင်ချေရှိပြီး အစိုးရလုပ်နိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ခဲ့တာကြောင့် သာမန်အမတ်အဖြစ်နဲ့ ဖြတ်သန်းရတဲ့ အခြေအနေကိုပြင်ဆင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်ပြည့်အားပြည့်ဝင်ပြိုင်ချိန်မှာ အစိုးရဖြစ်ခွင့်ရလာခဲ့ပါတယ်။
လက်ရှိမှာ NLD ကတစ်ဆင့်ဖြစ်ပေါ်လာတဲ့ NUG ကလည်း ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်းနဲ့ တပ်မတော်ပြုတ်ကျရေးပဲ လုပ်ဆောင်မှာဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။ ဒါ့အပြင် ပြည်ပရောက်နေတဲ့ NUG အစုအဖွဲ့ဟာ ပြည်တွင်းမှာ တရားဝင်ပါတီအဖြစ် လက်ရှိအချိန်အထိ ရပ်တည်နေဆဲ NLD ပါတီကိုလည်း ၂၀၂၃ PR ရွေးကောက်ပွဲဝင်မပြိုင်ဖို့အတွက် ဖိအားပေးထားတဲ့အခြေအနေလည်း မြင်နေရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပေးထားချက်အရသာ အဖြေရှာကြည့်မယ်။ ပြည်သူလူထုထောက်ခံမှုနဲ့သာတိုင်းတာမယ်။ ၂၀၂၃ PR ရွေးကောက်ပွဲဟာ တပ်မတော်က ကြွေးကြော်ထားသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာဖြစ်မယ်ဆိုရင် ဖျက်သိမ်းခံထားရမှု မရှိသေးတဲ့ NLD ပါတီဟာ ၂၀၂၃ PR ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ရှိသလို အနိုင်ရဖို့ အခွင့်အလမ်းကလည်း အခြားပါတီတွေထက် ရာခိုင်နှုန်းအများကြီးပိုပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လက်တွေ့ကျတဲ့ အခြေအနေကို လျစ်လျူရှုပြီး ပြည်သူအချင်းချင်းတိုက်ခိုက်သတ်ဖြတ် တပ်မတော်ကို အမြစ်ဖြုတ်ပြီးမှ ကြားကာလဖက်ဒရယ်အစိုးရဖွဲ့ပြီးမှ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးပြီးမှ ပြည်သူ့ဆန္ဒခံယူပြီးမှ ရွေးကောက်ပွဲလုပ်မယ်။ အနိုင်ရတဲ့ ပါတီကို အာဏာအပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ်ဆိုတဲ့ အိပ်မက်ဟာ ဆယ်နှစ်လား အနှစ် ၂၀ လား ပြည်သူ့ဘဝတွေ နိုင်ငံ့အနာဂတ်တွေ ဘယ်လောက်အထိ စတေးရမလဲဆိုတဲ့ မေးခွန်းတွေပဲ ထွက်ပေါ်လာစေမှာဖြစ်ပြီး အလှမ်းကျယ် အလယ်လပ် အခြေအနေပဲ ဖြစ်ပေါ်စေနိုင်ပါတယ်။
လက်ရှိမှာ PDF တပ်ဖွဲ့ ၃၀၀ ကျော်၊ LPDF ၂၀၀ ကျော်နဲ့ တပ်မတော်သား ၂၀၀၀၀ ကျော် သတ်ထားပြီးပြီ။ ၈၀၀၀ ကျော် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ပြီ။ စခန်းအသေးလေးတွေ သိမ်းနိုင်နေပြီဆိုတဲ့ အခြေအနေမျိုးဟာ အောင်ပွဲသွားဖို့အတွက် ၀. ၀၁ ရာခိုင်နှုန်းလောက် လှမ်းနိုင်တဲ့ အဆင့်ပဲရှိသေးတာပါ။ လက်ရှိမှာ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ NUG အဖွဲ့ဝင် ဦးရည်မွန်ကပြောနေပေမဲ့ ဒီလိုတိုက်စစ်မြှင့်ဖို့ လက်နက်ဝယ်ဖို့ကလည်း ဒေါ်လာသန်း ၁၀၀ လောက် လိုအပ်နေတယ်လို့ ပြောထားပါတယ်။ တစ်ဖက်မှာလည်း NUG ဟာ သံဃာတွေ၊ သီလရှင်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးဝန်ထမ်းတွေ၊ USDP နဲ့ PPP ပါတီဝင်တွေအပါအဝင် ပြည်သူ ၃၀၀၀ ကျော်ကို သူလျှို၊ ဒလန်လုပ်တယ်ဆိုပြီး စွပ်စွဲသတ်ဖြတ်ထားပါသေးတယ်။ အစိုးရတစ်ရပ်ကို လက်မခံချင်တာနဲ့ သာမန်ပြည်သူလူထုကို စွပ်စွဲသတ်ဖြတ်မှုဟာ နိုင်ငံတကာက လက်မခံနိုင်တဲ့ လုပ်ရပ်ပါ။ ဒီလိုလုပ်ရပ်တွေကြောင့်လည်း NUG ဟာ နိုင်ငံတကာဆီက စစ်ရေးဆိုင်ရာအကူအညီတွေ ရနေတာမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပဲ ရနေတာ တွေ့ရပါတယ်။ ဒီအခြေအနေဟာ ဘာကို ညွှန်းဆိုနေသလဲဆိုရင် တစ်နှစ်ကို ဒေါ်လာနှစ်ဘီလျံနှုန်းလောက် ဆယ်စုနှစ်တစ်ခုကျော်လောက်သုံးခဲ့တဲ့ တပ်မတော်ကို အားချင်းတူညီယှဥ်တိုက်နိုင်ဖို့အတွက် လုံလောက်တဲ့ လက်နက်ဝယ်ဖို့ ငွေကြေးဟာ နိုင်ငံတကာဆီက မရဘူးဆိုတဲ့ ပကတိအခြေအနေကို မြင်ရပါတယ်။ တစ်နှစ်ကျော်အတွင်းမှာ ထောက်ပံ့ရလွန်းလို့ပင်ပန်းနေတဲ့ ပြည်သူလူထုဆီကလည်း ဒေါ်လာသန်းရာချီဟာ နှစ်ပေါက်အောင် စုဆောင်းမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီတော့ ကြံရာမရတဲ့အဆုံး လေထဲမှာ မြေကွက်ရောင်းလိုက်၊ ထီရောင်းလိုက်၊ စာချုပ်ရောင်းလိုက်၊ အလှူခံလိုက်၊ မဲရောင်းလိုက်ဆိုတဲ့ ရန်ပုံငွေရှာဖွေမှုဟာ တပ်မတော်ကိုနိုင်ဖို့ထက် ပြည်ပရောက်နေတဲ့ NUG အစိုးရတာဝန်ယူထားတဲ့သူတွေရဲ့ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ ပညာသင်စရိတ်ကာမိရုံနဲ့ ပြည်တွင်းက PDF တွေကို မစို့မပို့ထောက်ပံ့နိုင်ရုံ၊ အလစ်အငိုက်မှာ တိုက်ခိုက်သတ်ဖြတ်နိုင်တယ်ဆိုတဲ့ အင်အားသေးသေးလေးတစ်ခုရရုံကလွဲရင် ထူးခြားတဲ့ တိုးတက်မှု ဆက်ဖြစ်လာစရာမမြင်ရပါဘူး။
အခု အချိန်မှာ အဖြစ်သင့်ဆုံးက NLD ပါတီကို အင်အားပြန်စုစည်းပြီး တရားဝင်ရွေးကောက်ပွဲလမ်းကြောင်းပေါ်က အတိုက်အခံလုပ်တာ၊ အာဏာအမြန်ဆုံးပြန်ရရေးလမ်းကြောင်းပေါ်မှာ စနစ်တကျစောင့်ကြည့်ပြီးတော့ တပ်မတော်လုပ်ခဲ့သလို ရွေးကောက်ပွဲမသမာမှုတွေ ရှိ မရှိ စစ်ဆေးနိုင်အောင် သင်ယူပြီးတော့ ရွေးကောက်ပွဲဝင်တာ၊ အာဏာရလာရင်လည်း အရင်က အမှားတွေကို သင်ခန်းစာယူပြီးတော့ ထပ်မမှားအောင် ကြိုးစားအားထုတ်တာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒီလိုအခြေအနေတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ မြင်နေတာကြောင့်လည်း NLD – NUG အနေနဲ့ တရားဝင်ရွေးကောက်ပွဲလမ်းကြောင်းပေါ်က အာဏာရနိုင်ရေး အားသာနေတဲ့အခြေအနေမျိုးမှာ တပ်မတော်ကကျင်းပမဲ့ PR ရွေးကောက်ပွဲကို အကြမ်းဖက်တိုက်ခိုက်တဲ့နည်းနဲ့ ကန့်ကွက်တာထက် ဥပဒေဘောင်အတွင်းကပဲ လုပ်ဆောင်သင့်တယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူနဲ့ NUG က ပစ်မှတ်ထားနေတဲ့ PPP ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူ ဦးကျော်ဇေယျက မှတ်ချက်ပြုပါတယ်။
”ကျွန်တော့်အမြင်ကတော့ ယခင်က ဒေါ်စုကိုယ်တိုင် နိုင်ငံရေးကို အကြမ်းဖက်နည်း၊ လက်နက်ကိုင်နည်းတွေနဲ့ ဘယ်တော့မှ လုပ်မရဘူးလို့ ပြောထားတာရှိပါတယ်။ အမှန်တကယ်လည်း လက်တွေ့မှာ အကြမ်းဖက်နည်းဖြင့် နိုင်ငံရေးကို ဖြေရှင်း၍ မရနိုင်ပါဘူး။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင်သာ ဥပဒေဘောင်အတွင်းက အတိုက်အခံလုပ်ကာ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ အမှန်တကယ် အကြမ်းဖက်နည်းနဲ့သာ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်အခြေအနေမှာ ပိုမိုကာ ဆိုးရွားသွားလိမ့်မည်လို့သာ ထင်မြင်မိပါတယ်” လို့ ပြည်သူညီညွတ်ရေးပါတီအမည်နဲ့ ပါတီသစ်ထူထောင်ဖို့ကြိုးစားနေတဲ့ ဦးကျော်ဇေယျက မှတ်ချက်ပြုပါတယ်။
၃။
NUG ကို ကမ္ဘာ့နိုင်ငံတွေက ဘာကြောင့်ငွေကြေးမထောက်ပံသလဲဆိုရင် သာမန်ပြည်သူလူထုနဲ့ နိုင်ငံဝန်ထမ်းတွေကို ဒလန်ဆိုပြီး စွပ်စွဲသတ်ဖြတ်တဲ့ အချက်အပြင် အဓိကအချက်အနေနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ရှိနေတာကြောင့် ငြိမ်းချမ်းရေးမရမချင်း တပ်မတော်က နိုင်ငံရေးက မထွက်ဘူးဆိုတာ သဘောပေါက်ထားတာလည်း ပါပါတယ်။ NUG ရဲ့ မခိုင်မာမှု၊ CRPH နဲ့ NUG မှာ ပါဝင်နေသူတွေဟာ ကမ္ဘာက လေးစားလောက်တဲ့ အရည်အချင်းရှိသူ မပါဝင်မှု စတဲ့ အခြေအနေတွေကလည်း NUG ရဲ့ တော်လှန်ရေးအားနည်းရခြင်း အချက်ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်၊ တရုတ်၊ ရုရှားစတဲ့ ကမ္ဘာ့နိုင်ငံ ကြီးတွေနဲ့ တခြားနိုင်ငံတွေဟာ အာဆီယံရဲ့ မူငါးချက်အပေါ်မှာပဲ ရပ်တည်နေတာ တွေ့ရပါတယ်။ အာဆီယံရဲ့ မူငါးချက်ဟာ ”မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့” ဖြစ်ပါတယ်။ ဒီမူငါးချက်ကို ကြည့်မယ်ဆိုရင် တပ်မတော်ကို ဖျက်သိမ်းရမယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို လွှတ်ပေးပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ချက်ခြင်းလုပ်ပေးဖို့ ဆိုတဲ့အချက်တွေ မပါဝင်ပါဘူး။ ဘာလို့မပါဝင်လည်းဆိုရင် NUG ကို ထောက်ခံလိုက်ရင် တပ်မတော်ကလည်း အလျှော့ပေးမှာမဟုတ်လို့ ပြည်တွင်းစစ်မီးသာ အကြီးအကျယ်ဆိုးဆိုးရွားရွားဖြစ်လာရင် အာဆီယံနိုင်ငံတွေအပေါ် ဂယက်ရိုက်နိုင်တာကို သူတို့ကိုယ်တိုင် လက်မခံချင်လို့ပါ။ ဒီနေရာမှာ SAC က ဒီမူငါးချက်တောင် မလုပ်နိုင်ဘူးလို့ ပြောနေပေမဲ့လည်း NUG ကိုယ်တိုင်ကလည်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တာတွေ ရပ်ဆိုင်းတာမျိုး မရှိဘဲ ဆက်လက်ကျုးလွန်နေတယ်ဆိုတာ NUG က ဒူဝါလရှီးလ၊ ဦးရည်မွန်တို့ ကြွေးကြော်ထားတဲ့ NUG – PDF က တပ်မတော်သားတွေကို သတ်ဖြတ်နိုင်မှု လူ ၂၀၀၀၀ ကျော်စာရင်း၊ ရဟန်းသံဃာနဲ့ သာမန်ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဒလန်ဆိုပြီး သတ်ဖြတ်ခဲ့တဲ့ လူ ၃၀၀၀ ကျော်စာရင်းနဲ့ AAPP ရဲ့ ထုတ်ပြန်ချက်အရ တပ်မတော်က သတ်ဖြတ်တယ်ဆိုတဲ့ ၂၃၀၃ ဦး ယှဥ်ကြည့်မယ်ဆိုရင် NUG ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုက တပ်မတော်ရဲ့ သတ်ဖြတ်မှုထက် ဆယ်ဆလောက်ပိုသတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို NUG- PDF တွေရဲ့ တိုက်ခိုက်မှုအပေါ် သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာဒေါက်တာနိုင်ဆွေဦးကတော့”အကြမ်းဖက်မှုဆိုတာ လက်ခံလို့မရပါဘူး။ လက်ရှိကမ္ဘာမှာ အကြမ်းဖက်မှုဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောမှုနဲ့ လူသားတွေကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံကမှလည်း လက်ခံမှာ မဟုတ်ပါ။ PDF တွေသည် အကြမ်းဖက်မှု ကျူးလွန်နေတာ ကမ္ဘာက အထောက်အထားများနှင့် သိရှိပြီး ဖြစ်တယ်။ ပြည်သူအားလုံး လုံခြုံရေးသတိရှိဖို့က အရေးကြီးပါတယ်” လို့ အကြံပြုပါတယ်။
ဒီနေရာမှာ ပြည်သူတွေအနေနဲ့ စဥ်းစားစရာ နှစ်ချက်၊ ရွေးစရာနှစ်လမ်း ရှိလာပါတယ်။ ပထမနည်းလမ်းကတော့ NUG ရဲ့ တော်လှန်ရေးကို နိုင်ငံတကာကလည်း အပြည့်အဝ မထောက်ခံ၊ ငွေကြေးမပံ့ပိုးတဲ့အခြေအနေမျိုးမှာ ကိုယ့်ချွေးနည်းစာလေးလှူရင်း ပြည်သူအချင်းချင်းသတ်ဖြတ်နေတာကို ဆယ်စုနှစ်တစ်ခု၊ နှစ်ခုစာ။ အနှစ် ၂၀၊ အနှစ် ၃၀ လောက် ထိုင်ကြည့်ပြီး နိုင်ငံရောပြည်သူရော စုတ်ပြတ်သတ်သွားပြီးမှ ဘာမှမထူးခြားလာဘဲနဲ့ ၂၀၁၂ မှာ NLD ပါတီ ခြေဥအောက် ပြန်ဝင်ရသလိုမျိုး ထပ်အဖြစ်ခံမလားဆိုတာနဲ့ ဒုတိယအချက်က ငါးလပဲ သက်တမ်းကျန်တဲ့ SAC ကို ရွေးကောက်ပွဲမဖြစ်မနေလုပ်ပေးဖို့ ကတိတည်ဖို့ ဖိအားပေးပြီး ၂၀၂၃ ဖေဖော်ဝါရီနဲ့ ဩဂုတ်အကြားမှာ PR ရွေးကောက်ပွဲဖြစ်လာဖို့ ပံ့ပိုးပေးပြီး လာမဲ့တစ်နှစ်အတွင်းမှာ PR အစိုးရသစ်နဲ့ နိုင်ငံ့အနာဂတ်သစ်ပြန်စဖို့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းပြီး တပ်မတော်ကို နိုင်ငံရေးက ထွက်အောင် Evolution ဖြစ်စဥ်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို သွားမလားဆိုတဲ့ ရွေးစရာလမ်းပါ။
ဒီလို ရွေးချယ်စရာနှစ်ရပ်ရှိပေမဲ့လည်း တချို့သောသူတွေကတပ်မတော်ကို ထွက်ပေါက်မပေးနိုင်ဘူးဆိုတဲ့ တစ်ယူသန်အမြင်တွေကလည်း ရှိနေပြန်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အမေရိကန်က ဆုကြေးထုတ်ခဲ့တဲ့ မူးယစ်ရာဇာတွေကိုတောင် ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းပြီး လုပ်ငန်းတွေထူထောင်ပေး၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ်နဲ့ အမေရိကန်ရန်က ကာကွယ်ပေးခဲ့တဲ့ သမိုင်းတွေက မဝေးသေးတဲ့ ကာလမှာ လည်ပြန်ကြည့်လို့ရသလို အဲဒီလိုကာကွယ်ပေးခဲ့သူတွေရဲ့ မိသားစုဝင်တွေကလည်း လုပ်ငန်းရှင်တွေအဖြစ် ရပ်တည်နေဆဲပါ။ ဒီလိုအခြေအနေတွေကိုသာ မြင်တတ်ကြမယ်ဆိုရင် နိုင်ငံရဲ့ PR ဒီမိုကရေစီခရီးအသစ်အတွက် ထွက်ပေါက်တစ်ခုတော့ မဖြစ်မနေချန်ရမှာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံရဲ့ တပ်မတော်ကို လွှတ်တော်ထဲက နှင်ထုတ်နိုင်ခဲ့တဲ့ Evolution ဖြစ်စဥ်မှာလည်း သမ္မတက စစ်ဦးစီးချုပ်ကို သိမ်းသွင်းစည်းရုံးနိုင်မှုကစတယ်ဆိုတာ မြင်ရပါလိမ့်မယ်။ တပ်ကိုတော့ ထွက်ပေါက်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်သစ်ကလည်း ပိတ်ဆို့ခံရမဲ့ အခြေအနေဆိုးကို မြင်ရပါလိမ့်မယ်။
“တကယ်တော့ နကစကို နိုင်ငံရေးထွက်ပေါက်ပေးရမှာ။ ရွေးကောက်ပွဲလည်း ပေးလုပ်ရမှာ။ ဦးမင်းအောင်လှိုင် သမ္မတဖြစ်သွားလည်း ၅ နှစ်ပေါ့။အဲဒီလိုမှ မဟုတ်လို့ တပ်မတော်က အာဏာ တကယ်သိမ်းလိုက်ရင် ဘယ်လောက်ကြာမယ်မှန်း မသိဘူး” လို့ PPP ပါတီရဲ့ အထွေထွေအတွင်းရေးမှုးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးက မှတ်ချက်ပြုပါတယ်။