September 20, 2024

နွမ်းပါးပေမယ့် တိုင်းသိပြည်သိတော့ ကိုယ့်မိဘကို ပြပြီး အလှူမခံပါရစေနဲ့ အဆင်ပြေ‌အောင် ကုသနေပါတယ်ဆိုတဲ့ လှိုင်သာယာက လက်လုပ်လက်စား အ‌ခြေခံလူတန်းစားတွေရဲ့ ဘဝအမော

၆.၉.၂၀၂၄
Written by Hey Mar

တချို့အခြေခံလူတန်းစားတွေမှာ အကျပ်အတည်းအခက်အခဲတွေနဲ့ သောကမျိုးစုံ ကြုံတွေ့လာရတဲ့အခါ အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတချို့ဆီ မှန်ကန်တဲ့ အကူအညီရလိုရငြား အားကိုးတကြီးတောင်းခံတတ်ကြပါတယ်။ အဲ့သည့်အပေါ် တချို့ကလည်း ဆိုရှယ်မီဒီယာပေါ် တင်ကာ ကိုယ်ကျိုးအတွက် တစ်ဖက်သားပုံရိပ် အသုံးချတာတွေလည်း ရှိသလို။ တချို့ကလည်း ထိထိရောက်ရောက် ကူညီပေးကြတာမျိုးလည်း ရှိပါတယ်။

အခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သားသမီးတွေက အဝေးမှာမို့ မကြည့်ရှုနိုင်တဲ့ အဘိုးအဘွား နှစ်ဦးအနက် အဘွားဖြစ်သူက ဆီးချိုတက်ကာ ခြေထောက်ဖြတ်တောက်ရတော့မှာမို့ ကူညီဖို့ အကူအညီတောင်းခံတဲ့ ပို့စ်တစ်ခု တွေ့တဲ့အခါ လူသားချင်းစာနာထောက်ထားစွာ အကူအညီပေးတတ်သူတွေက ကူညီချင်လို့ ဆက်သွယ်ရင်း တချို့လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းတဲ့ အခါမှာတော့ ကိုယ်ကျိုးတစ်ခုပဲ မကြည့်တတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေရဲ့ ဝမ်းနည်းမှုနဲ့အတူ သူတို့ အဖေအမေကို ဆိုရှယ်မီဒီယာမှာ ပုံတင်ပြီး သတင်းအလွဲတွေနဲ့ အလှူခံနေတာကိုလည်း စိတ်မကောင်းရှက်ရွံ့စွာ ခံစားနေကြရတာကို မြင်တွေ့ခဲ့ရသလို သူတို့ရင်ဖွင့်သံလည်း ကြားခဲ့ရပါတယ်။

အသက် ၆၂ နှစ်အရွယ် အဖွားဒေါ်နုနုကြည်က ဆီးချိုဝေဒနာ ခံစားနေရတာ နှစ် ၂၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ ကုသနိုင်စဉ် အချိန်အခါတွေတုန်းကလည်း အစိုးရဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရတဲ့ အကြိမ်အရေအတွက်ထဲကမှ အကြီးစား ကုသမှု ခံယူရတာက အခု လှိုင်သာယာဆေးရုံကြီးမှာ ဘယ်ခြေဖြတ်တောက်ရတဲ့ ကုသမှုနဲ့ဆိုရင် ၃ ကြိမ်ရှိပါပြီ။

အဖွားဒေါ်နုနုကြည်တို့က လှိုင်သာယာ (၁၂)သမလို့ ခေါ်တဲ့ ရပ်ကွက်ဘက်က ကျူးမှာ အိမ်ငှားပြီးနေထိုင်ပါတယ်။ သားသမီး သုံးဦးရှိပေမယ့် သူမှီခိုနေထိုင်တာက သမီးအငယ်နဲ့ပါ။ ခင်ပွန်းဖြစ်သူ အဘိုးဦးအောင်ကြည်က ငယ်ရွယ်စဉ်ကတော့ ရန်ကုန်မော်တင်ဆိပ်မှာ ကုန်ထမ်းလုပ်သား လုပ်ခဲ့တာပါ။ အသက် ၆၀ ပြည့်တဲ့အခါ အလုပ်နားလိုက်ရပြီး လုပ်သက်ပြည့် ပင်စင်သဘော ပေးတဲ့ ငွေကျပ် သိန်းနှစ်ဆယ်ခန့် လွန်ခဲ့တဲ့ လေးနှစ်ဝန်းကျင် ကိုဗစ်ကာလမှာ ရရှိခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်အခါ အဘွားဒေါ်နုနုကြည် ညာဘက်ခြေထောက် ဆီးချိုဝေဒနာကြောင့်ပဲ ခွဲစိတ်ကုသမှု ခံယူရလို့ ကြည့်မြင်တိုင်အရိုးအကြောဆေးရုံကြီးမှာ အဘိုး ပင်စင်ရရှိငွေအသုံးချလို့ ကုသမှု ခံယူလိုက်ရတာကြောင့် ငွေကြေးက  အဖက်မတင် ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ အဘွားဖြစ်သူ အခုတစ်ခါ ဆေးရုံတင်ထားရချိန် အကူအညီရလို့ရငြား တောင်းခံရာမှာတော့ ကူညီမယ်ဆိုသူတွေက အဘိုးအဘွားပုံ လူမှုကွန်ရက်မှာတင်ပြီး အလှူခံတဲ့ပုံစံဖြစ်လာတာကြောင့် မိသားစုမှာ ရှက်ရွံ့နေရတယ်လို့လည်း သိခဲ့ရပါတယ်။

အဘိုးနဲ့ အဘွားရဲ့ အငယ်ဆုံးသမီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးက “အမတို့ကို လာရောက်လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။ အမတို့ အဖေအမေကို ပြပြီး အခုလို အလှူခံတာမဟုတ်ပါဘူး။ လိုင်းပေါ်ရောက်သွားတာတောင်မသိပါဘူး။ ရောက်လည်း မရောက်ချင်ပါဘူး။ ကိုယ်အကူအညီတောင်းသူက အဲ့ဒီလို လိုင်းပေါ်တင် အကူအညီတောင်းမယ်လည်း မထင်လို့ပါ။ အဆင်မပြေ၊ မရှိတဲ့သူတွေပေမဲ့ အခုလိုကြီးတော့ အကူအညီရဖို့ ကိုယ့်မိဘကို ပြပြီး မရချင်ပါဘူး။ အမတို့ အတတ်နိုင်ဆုံးလည်း ကုသနေတာပါ။ အလှူရှင်တွေကို စော်ကားချင်တာမဟုတ်ပေမယ့် မရှိသူလည်း မရှိတဲ့ အရှက်တရားလေးနဲ့မို့ပါ။ အခုလည်း အမတို့ ချေးငှားကုသနေသလို ဆေးရုံက ဆရာဝန်ကြီးတွေကလည်း မတတ်နိုင်ရင် မတတ်နိုင်သလို သူတို့ကို အကျိူးအကြောင်းသေချာပြောပြ စရိတ်မျှပေးလို့ရပါတယ်လို့ ပြောပြထားလို့ အားတက်ရပါတယ်။ ဟိုးဘက်ထောင့်က ကုတင်က အမဆိုလည်း ဆေးရုံက အကုန်တာဝန်ယူ အလကား ကုပေးထားတာပါ ” လို့ လှိုင်သာယာဆေးရုံကြီး လေးထပ်ဆောင်မှာ တက်ရောက်ကုသနေတဲ့ အမေဖြစ်သူကို လူနာစောင့်ရင်း တစ်ခန်းတည်း ရောဂါတူ တက်ရောက်ကုသမှု ခံယူနေရတဲ့ အမျိုးသမီးကို ညွှန်ပြရင်း ပြောပါတယ်။

အဆိုပါ အဘိုးနဲ့အဘွားရဲ့ သမီးဖြစ်သူကိုယ်တိုင်ကလည်း လူမမယ်ကလေးငယ် သုံးဦးရှိပြီး ရန်ကင်းပတ်စပို့ရုံးနားမှာ ပန်းရောင်းသူတစ်ဦးပါ။ အခုလို ခေတ်ကာလ အကျပ်အတည်းကြောင့် အဖေနဲ့ အမေကို အတူတကွထားပြီး မကြည့်ရှုနိုင်တဲ့ အတွက် အဘိုးဦးအောင်ကြည်က နယ်က ဆွေမျိုးသားချင်းတွေရဲ့ ယာတဲအစောင့်အဖြစ် ပြန်လည်မှီခို လုပ်ကိုင်နေတာပါ။ အဖိုးရဲ့ ခြေထောက်တစ်ဖက်ကလည်း လှိုင်သာယာမှာနေစဉ် ဆိပ်ကမ်းကုန်ထမ်းလုပ်သားအဖြစ် နားပြီး ပြီးချင်း ပဒံ ရပ်ကွက်က စက်ရုံမှာ လုံခြုံရေး ဝင်လုပ်ရင်းက ရေမြောင်းထဲ ခြေချော်ကျပြီး ဖိဖိစီးစီး မကုနိုင်တဲ့အခါ မသန်တော့ပြန်ပါဘူး။

“ကျွန်မ မှန်သောစကားပြောတာပါ။ သူများပိုက်ဆံလည်း အလကားမလိုချင်ပါဘူး။ အမတို့ကို လက်ရှိကြည့်ရှုပေးနေသူတွေလည်း သူတို့က ဒီလို အလှူခံစားပါလားလို့လည်း မေတ္တာမပျက်စေချင်သလို အမ အဖေအမေတွေကို အဲဒီလို မလုပ်ချင်ပါဘူး။ အဖေဆိုလည်း ငယ်ငယ်ထဲက ကုန်ထမ်းကျွေးတာပါ။ အဲ့ဒီခေတ်ကာလ အတော်ရုန်းကန်ရတဲ့ခေတ်ပါ။ အခု ကိုယ့်အလှည့်ကျမှ ကိုယ့်မိဘကို ဒီလိုတော့ အဖြစ်မခံနိုင်ပါဘူး။ မရှိရင် အဆင်မပြေရင် ကိုယ်တိုင်သာ ထွက်တောင်းပြီးကျွေးလိုက်ပါ့မယ်” လို့ အဘိုးအဘွားတို့ရဲ့ သမီးငယ်က  ဝမ်းနည်းမျက်ရည်ကျရင်း ပြောပြပါတယ်။

ခက်ခဲကျပ်တည်းလှတဲ့ ဒီကာလကြီးမှာ နွမ်းပါးသူတွေကို အသုံးချပြီး ပရဟိတလုပ်စားကြသူတွေလည်း သိသိသာသာပေါ်ထွက်လာသလို ဒီလိုလူတွေက အမှန်တကယ်ဒုက္ခရောက်နေသူ သက်ကြီးရွယ်အိုတွေပြပြီး အလှူငွေကိုယ်ကျိုးရှာနေကြတာ တွေ့ရသလို ဘယ်လို အခြေအနေတွေပဲ ကြုံတွေ့ရပါစေ ဘဝကို အရှုံးမပေးဘဲ ရုန်းကန်ချင်တွေအဖို့ကတော့ သူတစ်ပါးရဲ့ စေတနာသဒ္ဒါတရားကိုလည်း လိပ်ပြာလုံစွာပဲ လက်ခံလိုကြတာလည်း တွေ့မြင်ရပါတယ်။

အဘွား ဒေါ်နုနုကြည်က ခြေထောက်လည်းဖြတ်ရ အသက်ကလည်းရလာသလို ဆီးချိုကြောင့် နောက်ဆက်တွဲ ဝေဒနာတွေဖြစ်တဲ့ မောတာ၊ ကြပ်တာ၊ အမြင်အာရုံမကောင်းတာ စတဲ့‌ ဝေဒနာတွေ ခံစားနေရရှာလို့ အဘွားက သူ့ကိုယ်သူ သားသမီးကိုလည်း မကူနိုင်၊ ကိုယ်တိုင်လည်း ဒုက္ခိတဖြစ်သွားရလို့ အသက်ဆက်မရှင်ချင်တော့ဘူးလို့ ဝမ်းနည်းစကားဆိုတာကြောင့် နှစ်သိမ့်မှူဖြစ်စေဖို့နဲ့ ပြန်လည်ထူထောင်နိုင်ဖို့ သစ္စာကမ်းလက်ပရဟိတအဖွဲ့က ငွေကျပ်သုံးသိန်းကိုလည်း အဘိုးအဘွားတို့လက်ထဲ တိုက်ရိုက် လှူဒါန်းကုသိုလ်ပြုပေးခဲ့တာလည်း တွေ့မြင်ခဲ့ရပါတယ်။

ပုံစာ။ ဆီးချိုရောဂါကြောင့် ခြေထောက်ဖြတ်တောက်ရသူ အဘွားဒေါ်နုနုကြည်နှင့် အဘိုး ဦးအောင်ကြည်တို့ မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *