September 20, 2024

၆. ၉. ၂၀၂၄
Written by Nyein Kyaw

မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ခရီးသည်ယာဉ်ပေါ်မှ မျောက်ကျောက်ရောဂါ သံသယဖြစ်လူနာ ခရီးသည်တစ်ဦး တွေ့ရှိခဲ့သော်လည်း ၎င်း၏ အရည်ကြည်ဖုများမှ ဓာတ်ခွဲနမူနာရယူ စမ်းသပ်ခဲ့ရာ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးနှင့် ရေကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးတို့ကို တွေ့ရှိခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးဖြေကြားထားသည်။

ယမန်နေ့ ညနေပိုင်းတွင် ကျိုက်ထိုမြို့၊ မရမ်းချောင်စစ်ဆေးဂိတ်တွင် ဘားအံမှလာသည့် မှန်လုံယာဉ် တစ်စီးပေါ်၌ ခရီးသည်တစ်ဦး မျောက်ရောဂါသံယဖြစ်လူနာအဖြစ်တွေ့ရှိရ၍ ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိ နိုင်ငံတကာလေဆိပ်များ၊ နယ်စပ်ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ပြည်သူများအား ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်းလုပ်ငန်းစဉ်အရ စက်တင်ဘာ ၅ ရက်(ယမန်နေ့) ညနေပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဘားအံမြို့မှ လာရောက်သည့် မှန်လုံယာဉ်တစ်စီးပေါ်တွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားခရီးသည်တစ်ဦးသည် ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်နှာနှင့် အရေပြားပေါ်တွင် အရည်ကြည်ဖုနှင့် အသားဖုများထွက်ခြင်း လက္ခဏာများတွေ့ရှိရ၍ ၎င်းအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၏ သီးသန့်လူနာဆောင်တွင် ထားရှိ၍ မျောက်ကျောက်ရောဂါနှင့် ရေကျောက်ရောဂါ စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၎င်းအား ဆေးစစ်ချက်အဖြေအရ ကိုယ်ခံအား အလွန်ကျဆင်းလျက်ရှိကြောင်း တွေ့ရကြောင်း ဖြေကြားခဲ့သည်။

ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ လူနာနှင့်အတူ ခရီးသည်တင် မော်တော်ယာဉ်တွင် အတူလိုက်ပါလာသူ ခရီးသည် ၄၆ ဦးတို့အား တစ်ဦးချင်းကို အထွေထွေကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သံသယရောဂါလက္ခဏာရှိသူ မတွေ့ရှိရခြင်းကြောင့် ၎င်းတို့၏ အချက်အလက်များအား ရယူထား၍ ခရီးဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း ဖြေကြားထားသည်။

စက်တင်ဘာ ၆ ရက်(‌ယနေ့)တွင် လူနာ၏အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်း၏အရည်ကြည်ဖုများမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ယနေ့ နံနက်ပိုင်းတွင် ပေးပို့ခဲ့ရာ ညနေပိုင်းတွင် ဓာတ်ခွဲအဖြေရရှိခဲ့သည်။

ဓာတ်ခွဲနမူနာအဖြေမှာ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးနှင့် ရေကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးတို့ကို တွေ့ရှိခြင်းမရှိကြောင်းနှင့် လူနာ၏ကိုယ်ခံအား ကျဆင်းလျက်ရှိသည့် ရောဂါကြောင့် ဖြစ်ပေါ်နေသော နောက်ဆက်တွဲအရေပြားရောဂါအား ဆက်လက်၍ ဆေးကုသစောင့်ရှောက်မှုများ ပေးအပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *