September 20, 2024

၆.၉.၂၀၂၄
Written By Zun

ထိန်းသိမ်းခံနေရကြောင်း သတင်းထွက်ပေါ်နေသော သူဌေးကြီး ဦးသိမ်းဝေ (ခ) Serge Pun အနေဖြင့် FMI ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ အနားယူကြောင်း ဖတ်(စ်)မြန်မာအင်ဖက်(စ်)မဲ့(န်) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက်နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲများ စုပေါင်း၍ စက်တင်ဘာလ ၆ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် စက်တင်ဘာလ ၅ ရက်မှ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းမှုပြောင်းလဲခြင်းဖြစ်ပြီး ကုမ္ပဏီ ၏ အမှုဆောင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိမ်းဝေ အနေဖြင့် အနားယူကြောင်း ဖော်ပြထားသည်။

အလားတူ MR. JAIME ALFONSO ANTONIO EDER ZOBEL DE AYALA နှင့် MR. ALBERTO MACAPINLAC DE LARRAZABAL တို့ လည်း အလှည့်ကျဒါရိုက်တာများအဖြစ်မှ အနားယူကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် စက်တင်ဘာလ ၅ ရက်မှ စတင်ပြီး ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်အဖြစ် ဦးထွန်းထွန်းအား ပြောင်းလဲခန့်အပ်သွားမည် ဖြစ်ကြောင်း၊ FMI ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အသစ်တွင် ဦးထွန်းထွန်း၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးသန်းအောင်၊ ဦးကြည်အေး၊ ဦးလင်းမြိုင်တို့ ပါဝင်ကြကြောင်း သိရသည်။

ဦးထွန်းထွန်း အနေဖြင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်လာ ပြီးနောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အဓိက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆက်လက်စီမံခန့်ခွဲကာ ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခုချင်းစီ၏ စီမံခန့်ခွဲသူများနှင့်အတူ ကုမ္ပဏီအုပ်စုအဆင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းဆောင်ရွက် တာဝန်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဦးသိမ်းဝေသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာဦးပိုင် လီမိတက်၏ အမှုဆောင်ဥက္ကဋ္ဌရာထူးက နုတ်ထွက်ခဲ့ကြောင်းလည်း Bloomberg သတင်းက ဖော်ပြထားခဲ့ သည်။

ဇူလိုင်လ ၂၄ ရက်က စင်ကာပူစတော့အိတ်ချိန်းသို့ စာပေးပို့တင်သွင်းကာ ရာထူးကနုတ်ထွက်မည်ဖြစ်သော် လည်း ရိုးမ၏အဓိကရှယ်ယာရှင် ဦးသိမ်းဝေအနေဖြင့် အိမ်ခြံမြေကုမ္ပဏီမှ ရှယ်ယာများကို လျှော့ချဖို့ ရည်ရွယ်ချက် မရှိကြောင်းနှင့် သားကြီးဖြစ်သူ မဲလ်ဗင်ပန်အား အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌရာထူး ပူးတွဲခန့်အပ်လိုက်ကြောင်းပါရှိကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

ထိန်းသိမ်းခံနေရကြောင်းသတင်းထွက်နေသော သူဌေးကြီး ဦးသိမ်းဝေအား ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ငွေ ကြေးခဝါချမှုနှင့် တရားမဝင် ငွေလွှဲပြောင်းမှုများဖြင့်အရေးယူထားကြောင်းလည်း သတင်းများထပ်မံထွက်ပေါ် လာခဲ့သည်။ သို့သော်လည်း ရိုးမဘဏ်က အဆိုပါသတင်းမှာမဟုတ်မှန်ကြောင်း ငြင်းဆိုချက်ထုတ်ပြန်ထားသေးသည်။

သို့သော် ဦးသိမ်းဝေ၏ ရိုးမဘဏ်အပါအဝင် ဘဏ်ခုနစ်ခုကို ဗဟိုဘဏ်သတ်မှတ်ချက်ထက် အိမ်ရာချေးငွေကျော်လွန် ထုတ်ချေးထားသည်ဆိုကာ အရေးယူမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *