September 20, 2024

◾️ ကြိုတင်ပြင်ဆင်မှုများ ထိရောက်စွာဆောင်ရွက်ထား၍ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်းပါ ပြောကြား

၆. ၉. ၂၀၂၄
Written by Nyein Kyaw

သန်းခေါင်စာရင်း ကောက်ယူရမည့်ကာလကို ၁၅ ရက်သာ သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများက တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ပြုလုပ်သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဥ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလည်း “သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အတတ်နိုင်ဆုံး ရသည့်နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့်နေရာများတွင် လုံခြုံရေးများ ထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန်ရသမျှ ကောက်ယူရန်” ဟု ညွှန်ကြားထားကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သန်းခေါင်စာရင်းလုပ်ငန်းတစ်လုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို  ထိထိရောက်‌ရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သန်းခေါင်စာရင်းလုပ်ငန်း စီမံကိန်းတစ်ခုလုံး အောင်မြင်စေရန် အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ် တစ်ဆင့်ချင်းအလိုက် လုပ်ငန်းအချိန်ဇယား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၃၆ လကြာ အကောက်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် သန်းခေါင်စာရင်းသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွင့်လှစ်နေကြပြီး သင်တန်းပြီးဆုံးပါက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ရက်တွင် နိုင်ငံတစ်ဝန်း မြေပြင်ကွင်းဆင်း စတင်ကောက်ယူသွားမည်ကို အသိပေးလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *