September 20, 2024

“ကျွန်တော် မှားခဲ့ရင် ဖမ်းမယ်ဆိုရင် ဖုန်းဆက် ဆိုင်ကယ်ယူသွားပါတယ်” ဟု လုယက်သတ်ဖြတ်သူက စာရေး၍ထားခဲ့

၆.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ ပရာခွပ်ခိရီခရီခန်ခရိုင်၊ မူယန်မြို့နယ်၊ အောင်နွဲ့ကျေးရွာအုပ်စု(Ao Noi)ရဲစခန်းမှ အမှတ် (၅) ရပ်ကွက်၊ ဘန့်နောင်စူယာအပိုင်းတွင် မြန်မာနိုင်ငံသားအချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Nationtv သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၅ ရက် ညပိုင်းက ရော်ဘာခြံလုပ်သား အသက် ၃၉ နှစ်အရွယ် ကိုအောင်လွင်ဆိုသူ အသတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း ရဲစခန်းမှူး ရဲမှူးကြီး Satit Kongniam ထံ သတင်းပေးပို့မှုကြောင့် သွားရောက် စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကိုအောင်လွင်၏ ဦးခေါင်းနောက်ဘက်တွင် ဒဏ်ရာတစ်ခု၊ နားရွက်အောက်လည်ပင်းတွင်ပြင်းထန်သော ဒဏ်ရာများရရှိကာ သွေးအိုင်ထဲ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း၊ သေဆုံးသူ၏ အနီးတွင် မြန်မာဘာသာဖြင့် “ကျွန်တော်မှားခဲ့ရင် ဖမ်းမယ်ဆိုရင် ဖုန်းဆက်၊ ဆိုင်ကယ်ယူသွားပါတယ်” ဟု ရေးသားထားသော စာတစ်စောင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် လက်နက်မှာ ရော်ဘာစေးခြစ်သည့် ဓား ဖြစ်နိုင်ကြောင်း၊ ကျူးလွန်သူ ယူသွားသည်မှာ သေဆုံးသူ၏ Honda Wave တံဆိပ် ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ကျူးလွန်သူမှာ သေဆုံးသူနှင့် လွန်ခဲ့သော တစ်လခန့်က ခင်မင်ခဲ့ကြသူဖြစ်ပြီး ချင်းလူမျိုး အသက် ၃၀ အရွယ် မီဝါဆိုသူဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် တရားဥပဒေအရ အရေးယူ ဆောင်နိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ကျူးလွန်သူအနေဖြင့်တောလမ်းကတစ်ဆင့် အိမ်နီးချင်းမြန်မာနိုင်ငံသို့ ထွက်ပြေးသွားဖွယ်ရှိသည်ဟု ယုံကြည်ရ ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းကို Prachuap ဆေးရုံသို့သယ်ဆောင်သွားကာ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *