September 20, 2024

၆.၉.၂၀၂၄
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၆ တွင် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲက ယာဥ်မောင်းအပါအဝင် လူ ၆ ဦးလိုက်ပါလာသော ဟိန်းစတား ခရီးသည်တင်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသော သံဘောင်တန်းကို ဝင်တိုက်ပြီး တိမ်းမှောက်ရာမှ ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Toyota Hiace အမျိုးအစား ဟိန်းစတား ခရီးသည်တင်ယာဥ်လိုင်းမှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဥ် လမ်းခုလတ်၌ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်လိုက်ပါလာသော အသက် ၆၅ နှစ်နှင့် အသက် ၆၆ နှစ်အရွယ် အဘွားအို ၂ ဦးနှင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတို့တွင် ဒဏ်ရာများရရှိခဲ့သ​​ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

“ဒဏ်ရာရတဲ့သူက အသက်ကြီးတဲ့သူတွေပါ။ ခါးနာသွားတဲ့သူရယ်၊ ဘယ်ဘက်လက်ဖျံ ​ပေါက်ပြဲဒဏ်ရာရတဲ့သူရယ်၊ နှာခေါင်းသွေးထွက်ဒဏ်ရာရတဲ့သူတွေပါ။ အသက်အန္တရာယ်စိုးရိမ်စရာတော့မရှိပါဘူး “ဟု အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ကားအရှေ့လေကာမှန်ကွဲအက်ကာ ကားဘယ်ဘက်အခြမ်း ပိန်ချိုင့်ခဲ့သဖြင့် အသက် ၂၉ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို ပုဒ်မ ၃၃၇၊ ၂၇၉ဖြင့် စကားအင်း အမြန်လမ်းရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *