September 20, 2024

မြန်မာနိုင်ငံတော်သီချင်းသီဆိုမှု ပျံ့လွင့်လာအပြီး ထိုင်းနိုင်ငံ၏ဥပဒေများကို လိုက်နာခြင်းမရှိ၍ တိုင်ကြားခံရသဖြင့် စစ်ဆေးပိတ်သိမ်းခဲ့ခြင်းဖြစ်ဟု ဆို

၆.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ မူယန်မြို့နယ်၊ ဘာန်ကုန့်ကျေးရွာတွင် ဖွင့်လှစ်ထားပြီး ကျောင်းသား တစ်ထောင် ကျော် တက်ရောက်သင်ကြားနေသည့် မေတ္တာရိပ်စာသင်ကျောင်းကို ထိုင်းပညာရေးဝန်ကြီးဌာနနှင့် တာဝန် ရှိသူများက စက်တင်ဘာလ ၄ ရက်တွင် ပိတ်သိမ်းလိုက်ကြောင်း ထိုင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ ကျောင်းမှာ ထိုင်းနိုင်ငံဥပဒေနှင့်အညီဖွင့်လှစ်ထားခြင်းမဟုတ်သည့်အပြင် ထိုင်းရောက်မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအချို့က ထိုင်းနိုင်ငံသားများအား လူမှုကွန်ရက်တွင် ထင်ရာမြင်ရာရေးသား ပြောဆိုနေမှုများကြောင့် တိုင်ကြားခံထားရသောကျောင်းဖြစ်ကြောင်းလည်း သိရသည်။

တိုင်ကြားခံရသောကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က စစ်ဆေးခဲ့ပြီးနောက် ထိုင်းပညာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး စာသင်ပြပေးနေသော မြန်မာနိုင်ငံသား ဆရာဆရာမ ၂၆ ဦး၊ ထိုင်း နိုင်ငံသား ကျောင်းဆရာဆရာမ ၆ ဦး၊ ကျောင်းအုပ်ဆရာ ၁ ဦး၊ ကျောင်းဖွင့်ရန်မြေငှားရမ်းပေးသူ ထိုင်းနိုင်ငံသား တစ်ဦးတို့ကို လုံခြုံရေးပျက်ပြားစေမှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထိုင်းဒေသတွင်းသတင်းများတွင်ဖော်ပြချက်အရ ထိုင်းနိုင်ငံတွင် ဖွင့်ထားသော ယင်းစာသင်ကျောင်းအတွင်း မြန်မာနိုင်ငံတော်သီချင်းကိုသီဆိုနေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ရာက စတင်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

ယင်းရုပ်သံဖိုင်ကြောင့် စာသင်ကျောင်းကို ဝင်ရောက်စစ်ဆေးအရေးယူပေးရန် ထိုင်းနိုင်ငံသားများက သက်ဆိုင်ရာဌာနများကို လူမှုကွန်ရက်စာမျက်နှာများက တောင်းဆိုခဲ့ကြ၍ စစ်ဆေးပိတ်သိမ်းခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *