September 20, 2024

၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံတွင် တစ်နိုင်ငံလုံးအား မခံမရပ်နိုင်ဆန္ဒပြမှုများဖြစ်ပွားစေခဲ့သည့် ဩဂုတ်လ ၉ ရက်က ကိုလ်ကတ္တားမြို့၌ ဖြစ်ပွားခဲ့သော RG Kar ဆေးရုံမှ အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦးအား မတရား ပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှု၌ အဆိုပါအမျိုးသမီးဆရာဝန်မှာ ဂိုဏ်းဖွဲ့၍ မတရားပြုကျင့်ခံရခြင်းမျိုးမဟုတ်ဘဲ အမှုတွင် တရားခံအဖြစ်ဖမ်းဆီးထားသော ဆန်ဂျွိုင်ရွိုင် ဆိုသူက တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမှုအတွက်စုံစမ်းစစ်ဆေးနေသည့် စုံစမ်းစစ်ဆေးရေးဗဟိုအဖွဲ့ (CBI) က ထုတ်ဖော် အစီရင်ခံခဲ့သည်။

စုံစမ်းစစ်ဆေးရေးဗဟိုအဖွဲ့က ကိုလ်ကတ္တားမြို့၌ ဖြစ်ပွားခဲ့သော RG Kar ဆေးရုံမှ အမျိုးသမီး အလုပ်သင်ဆရာဝန်တစ်ဦးအား ကြောက်မက်ဖွယ် မတရားပြုကျင့်သတ်ဖြတ်မှုက ဂိုဏ်းဖွဲ့ကျူးလွန်ခြင်းဖြစ်နိုင်ခြေရှိမည်ဟုယူဆခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးထားသူ ဆန်ဂျွိုင်ရွိုင်မှာ အမှု၏ တစ်ကိုယ်တည်းကျူးလွန်ခဲ့သည့် တရားခံဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

NDTV သတင်းဌာနက ဆန်ဂျွိုင်ရွိုင် တစ်ဦးတည်း အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အထောက်အထားများတွေ့ရပြီး စုံစမ်းစစ်ဆေးမှုများကလည်း နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ရာ မကြာခင် စွဲချက်တင်တော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များအရ သိရသည်ဟု ဖော်ပြခဲ့သည်။

CBI က ထိုအမှုကို စုံစမ်းစစ်ဆေးရန် ကိုလ်ကတ္တားရဲတပ်ဖွဲ့ထံမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ သို့သော် CIB အနေဖြင့်စုံစမ်းစစ်ဆေးမှုပြုရာတွင် နှေးကွေးသည်ဟုဆိုကာ ပြီးခဲ့သည့်ရက်သတ္တပတ်က အနောက် ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီး ထံမှ ဝေဖန်ဖိအားပေးမှု ခံခဲ့ရသေးသည်။

အနောက် ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီး က “သူတို့ဆောင်ရွက်မှုက နှေးကွေးလွန်းတယ်။တရားမျှတမှုကို မလိုလားရာရောက်နေတယ်။ စုံစမ်းစစ်ဆေးမှုက အခုဆို ၁၆ ရက်ရှိပြီ။ တရားမျှတမှုက ဘယ်မှာလဲ” ဟု ပြောကြားခဲ့သည်။

ထို့ပြင်ပြည်နယ်အစိုးရဝန်ကြီး ဘရတ်ယာ ဘာဆု ကလည်း CBI ၏အစီရင်ခံစာက တိုးတက်မှုအားနည်းကာ ကိုလ်ကတ္တားရဲတပ်ဖွဲ့ကပင် အမှုအတွက်နောက်ဆုံး အ ခြေအနေများ ပုံမှန်တင်ပြနိုင်ကြောင်း ပြောခဲ့သည်။

CBI အနေဖြင့် ၎င်း၏အစီရင်ခံစာတွင် အမှု၏တရားခံမှာ ဆန်ဂျွိုင်ရွိုင် တစ်ဦးတည်းဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး အခြားထူးခြားအချက်များပါဝင်ခြင်းမရှိဟုလည်း ဆိုကြသည်။

အမှုဖြစ်ပွားပြီးနောက် ငွေကြေးဆိုင်ရာမသမာမှုများပြုလုပ်မှုနှင့် RG Kar ဆေးရုံဝန်းကျင်တွင် တရားမဝင်လုပ်ငန်းများနှင့် အသက်မွေးမှုများဖြင့် ဖမ်းဆီးမှုသုံးခုပြုခဲ့သည်။ သို့သော် အမျိုးသမီးအလုပ်သင်ဆရာဝန်အား မတရားပြုကျင့်သတ်ဖြတ်မှုအတွက် တစ်ဦးသာဖမ်းဆီးထားခြင်းဖြစ်သည်။

အဆိုပါအမှုက အိန္ဒိယနိုင်ငံတွင် ပြည်သူများအားမကျေမနပ်ဖြစ်စေ၍ နိုင်ငံတစ်ဝန်း ဆရာဝန်များနှင့် အရပ်သားများပါပူးပေါင်းဆန္ဒပြခဲ့ကြရာ ယခုအခါ ပဉ္စမမြောက်ရက်သတ္တပတ်သို့ပင် ဆန္ဒပြမှုများက ရောက်ရှိလာခဲ့ပြီဖြစ်သည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *