November 10, 2024
photo_2024-09-06_15-36-34

၆. ၉. ၂၀၂၄
Written by Tha Doe

လက်ဝှေ့စင်ပေါ်ရောက်တာနဲ့ မြန်မာပရိသတ်တွေကို သန့်ဇင်ကတော့ နိုင်အောင်ထိုးမှာပဲလို့ စိတ်လုံခြုံမှုပေးနိုင်တဲ့ မြန်မာ့ရိုးရာကျားပေါက်စ သန့်ဇင်ဟာ ဂျပန်နိုင်ငံရဲ့နာမည်ကြီး ထိပ်တန်းဖိုက်တာ တခဲရု (Takeru) နဲ့ ထိုးသတ်ရမှာဖြစ်တယ်လို့ One Championship ဘက်က ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တရားဝင် ထုတ်ပြန်လာပါတယ်။

မူလက တခဲရုနဲ့ ထိုင်းဖိုက်တာ ဘလက်ပန်သာ(Black Panther) တို့ကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပမဲ့ One Fridayfight 81 ပြိုင်ပွဲမှာ ကစ်ဘောက်ဆင်ပွဲထိုးသတ်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် ဘလက်ပန်သာက ဒဏ်ရာပြဿနာကြောင့် နုတ်ထွက်ခဲ့လို့ သန့်ဇင်က အခွင့်အရေးရလာခဲ့တာပါ။

စူပါလက်လို One ရဲ့ ထိပ်တန်းဖိုက်တာကို ပွဲဦးထွက်ထိုးသတ်ရာမှာ အမှတ်နဲ့ရှုံးခဲ့ပေမဲ့ Takeru က ကမ္ဘာ့ထိပ်တန်းကစ်ဘောက်ဆင်သမားဖြစ်လို့ သူ့ကို စာချုပ်မရသေးတဲ့ ၁၉ နှစ်သား သန့်ဇင်က ထိုးသတ်ခွင့်ရတာ တစ်ဖက်မှာ အခွင့်အရေးရလာတာဖြစ်သလို တစ်ဖက်မှာတော့ One ရဲ့ ချန်ပီယံအဖြစ် ခရီးဆက်မယ့် သန့်ဇင်အဖို့ အခက်အခဲကြီးကြီးမားမားနဲ့ စိန်ခေါ်မှုအကြီးဆုံးကို ရင်ဆိုင်ကျော်ဖြတ်ရတော့မယ့် အခိုက်အတန့်လည်းဖြစ်လာခဲ့တာပါ။

“ကျွန်တော့်အတွက် အစ်ကိုနှင့် ပရိတ်သတ်ရှိရင် ဘာမဆို လုပ်နိုင်တယ်💪💪💪 သမိုင်းသစ်တစ်ခုကို ပရိသတ်နှင့်အတူ ရေးထိုးသွားမယ်👊👊👊” လို့ သန့်ဇင်ကတော့ လူမှုကွန်ရက်မှာ ပရိသတ်ကို အသိပေးထားပါတယ်။

တခဲရုဟာ လက်ရှိမှာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး ဂျပန်နိုင်ငံက ကစ်ဘောက်ဆင်လောကမှာ ထိုးသတ်ပွဲဆုတွေနဲ့ တစ်ဦးချင်းဆုတွေ ၃၀ ခန့် ရထားဖူးတဲ့ ပြိုင်ဘက်ကင်း၊ နာမည်ကျော်ဖိုက်တာပါ။ သူက One Championship ပွဲဦးထွက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှာ စူပါလက်နဲ့ထိုးသတ်ထားတာဖြစ်ပြီး အမှတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ သူ့ရဲ့ အစွမ်းအစ၊ ဇွဲသတ္တိနဲ့ မာဂုဏ်ဟာ ပေါ့ပေါ့သေးသေးမဟုတ်တာကို အားလုံးမြင်ခဲ့ရတာပါ။

သန့်ဇင်ကတော့ အသက် ၁၉ နှစ်သာရှိသေးပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်မှာ ထိုင်းနိုင်ငံသား တိုင်နဲ့ထိုးသတ်ခဲ့ရာမှာ တိုင်ကို ၄၃ စက္ကန့်နဲ့ အလဲထိုးခဲ့သလို ပထမဆုံး ဂျိုင်ဆင်းနဲ့ပွဲမှာလည်း ဒိုင်ပွဲရပ်နဲ့ အလဲထိုးနိုင်ခဲ့တာဖြစ်လို့ တခဲရုကိုသာနိုင်ရင် စိုးလင်းဦးရရှိထားတဲ့ ဒေါ်လာတစ်သိန်းတန်စာချုပ်မျိုး ကမ်းလှမ်းခံရမှာ အသေအချာပါ။

ဒါပေမဲ့လည်း တစ်ဖက်မှာ တခဲရုနဲ့ ယှဥ်ထိုးဖို့က သန့်ဇင်အဖို့ သမ္ဘာနဲ့အတွေ့အကြုံ အရမ်းနုနေတာ၊ ထိုးသတ်ရမှာကလည်း သန့်ဇင်အားသာတဲ့ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ သူရင်းနှီးတဲ့ မွေထိုင်းမဟုတ်ဘဲ တခဲရုအားသာတဲ့ ကစ်ဘောက်ဆင်ဖြစ်နေတာ၊ တခဲရုဟာ ကစ်ဘောက်ဆင်မှာ ချန်ပီယံဆု ဆယ်ဆုအထက်ရထားသလို ချန်ပီယံလုပွဲတွေအပါအဝင် ကစ်ဘောက်ဆင်နဲ့ မွေထိုင်း ၄၃ ပွဲမှာ ၂၅ ပွဲအထိ အလဲထိုးထားပြီး ၄ ပွဲပဲရှုံးထားတာမို့လို့ သန့်ဇင်အဖို့ အခက်ခဲဆုံးကျော်ဖြတ်ရမဲ့ ပွဲဖြစ်လာမှာပါ။

ဒါပေမဲ့လည်း သန့်ဇင်အဖို့ One မှာ ကမ္ဘာသိ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် တစ်ဆင့်ထက်တစ်ဆင့် ပိုခက်ခဲလာမဲ့ ကမ္ဘာသိဖိုက်တာတွေနဲ့ချည်း ရင်ဆိုင်ရမှာဖြစ်လို့ လာမဲ့ဘေး ပြေးတွေ့ပြီး ဘယ်လိုဖိုက်တာလာလာ ဘက်တူရင်လူမရွေးဘူးမူနဲ အကောင်းဆုံး ကျော်ဖြတ်ပြရမှာပါ။

ဘာပဲပြောပြော မြန်မာပရိသတ်တွေက တွေ့မရှောင်အငယ်စားလေးလို့ တင်စားကြတဲ့ သန့်ဇင်နဲ့ မာဂုဏ်မြင့် ပညာစုံတဲ့ တခဲရုတို့ ဆုံကြမဲ့ စက်တင်ဘာ ၂၇ ရက်ဟာ ပွဲကြီးပွဲကောင်းမျှော်နေတဲ့ မြန်မာပရိသတ်တွေ ရင်ခုန်ရတဲ့နေ့ဖြစ်လာမှာဖြစ်သလို သန့်ဇင်အဖို့လည်း တိုင်းတစ်ပါးမှာ ပြိုင်ဘက်အားသာချက် ဖလိုင်းဝိတ်တန်းကစ်ဘောက်ဆင်ပွဲထိုးသတ်ရမှာဖြစ်ပေမဲ့လည်း အနိုင်ထိုးသတ်ပြီး ဒေါ်လာတစ်သိန်းတန် စာချုပ်ရပါစေလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *