၆. ၉. ၂၀၂၄
Translated by Htwe Ko Tun
အားအလွန့်အလွန်ကောင်းသော စူပါတိုင်ဖွန်း ရာဂီက တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၅၀ ဖြင့် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းရှိ ဟိုင်နန်ကျွန်းအနီးသို့ ဦးတည်ချဉ်းကပ်လျက်ရှိကြောင်း သိရသည်။
စူပါတိုင်ဖွန်း ရာဂီက မွန်းလွဲပိုင်းတွင် ဟိုင်နန်ကျွန်း၏ မြောက်ပိုင်းကို ဖြတ်သန်းကာ အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် အဆင့်လျော့ကျပြီး စက်တင်ဘာ ၆ ရက် ညပိုင်းတွင် တုံကင် ပင်လယ်ကွေ့အတွင်းရောက်ရှိမည်ဖြစ်သည်။ ရာဂီက စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင်မူ တစ်နာရီလေတိုက်နှုန်း မိုင် ၉၀ ရှိ တိုင်ဖွန်းမုန်တိုင်းအဖြစ် ဆက်လက်ဝင်ရောက်မည်ဖြစ်ကြောင်း ရာသီဥတုခန့်မှန်းချက်များက ဖော်ပြခဲ့သည်။
စက်တင်ဘာ ၆ ရက်နံနက်တွင် စူပါတိုင်ဖွန်းရာဂီက အားကောင်းလှသော လေပြင်းများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ တရုတ်နိုင်ငံတောင်ပိုင်းသို့ ချဉ်းကပ်လျက်ရှိပြီး ဒေသအတွင်း ကျောင်းများအားလုံးကို ဒုတိယမြောက်နေ့အဖြစ်ပိတ်ထားကာ လေယာဉ်ခရီးစဉ်များအားလုံးကို ဖျက်ထားရသည်။ ရာဂီက အာရှဒေသအတွင်း ဒုတိယမြောက်အားအကောင်းဆုံး အပူပိုင်းမုန်တိုင်းဖြစ်ကြောင်းလည်း သိရသည်။
ဖိလစ်ပိုင်ကိုဖြတ်သန်းလာစဉ်ကထက် အားနှစ်ဆကျော်မြင့်ကာ အားအလွန့်အလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ရောက်လာသော ရာဂီက ဟိုင်နန်ကျွန်းမြောက်ပိုင်း Wenchang မြို့အနီးမှ စက်တင်ဘာလ ၆ ရက်မွန်းလွဲပိုင်းတွင် ကုန်တွင်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းချဉ်းကပ်လာနေချိန် စက်တင်ဘာ ၅ ရက် တစ်ညလုံးနှင့် စက်တင်ဘာ ၆ ရက်နံနက်တို့တွင် ဒေသအတွင်း အားကောင်းသော မိုးကြိုးလျှပ်စီးများဖြစ်ပေါ်နေကြောင်း သိရသည်။
ဟိုင်နန်ကျွန်းနှင့် တရုတ်ပြည်မကြီးတောင်ပိုင်း ပို့ဆောင်ဆက်သွယ်မှု လမ်းကြောင်းအားလုံးကို စက်တင်ဘာ ၆ ရက်တွင် ပိတ်ထားရသည်။ ဟိုင်နန်နှင့် ဟောင်ကောင်၊မကာအို၊ ဂွမ်ဒုံပြည်နယ်တို့ကို ဆက်သွယ်ထားသော ကမ္ဘာပေါ်တွင် ပင်လယ်ပြင်ကိုဖြတ်သန်းမှု၌အရှည်ဆုံးတံတားကြီးကိုလည်း ပိတ်ထားခဲ့ရသည်။
ဒုတိယမြောက်ကုန်းတွင်းဝင်ရောက်ခြင်းခံရမည့် ဗီယက်နမ်နိုင်ငံတွင်လည်း စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ မြို့တော်ဟနွိုင်း၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပိတ်ထားမည်ဟု ကြေညာထားသည်။
Ref- Bangkok Post