၆. ၈. ၂၀၂၄
Written by Nay Moe
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ လက်ရှိဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့ တိုက်ခိုက်သိမ်းယူထားတဲ့ နမ့်ခမ်းမြို့နယ်ဟာ အေးချမ်းခွင့်မရဘဲ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၁ ဦးသေဆုံးတယ်လို့ TNLA က ဒီမနက် ထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ဒီနေ့ စက်တင်ဘာ ၆ ရက်၊ နံနက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးက နေအိမ်တွေနဲ့ ကျားဖြူခမ်းမအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်က စစ်ရေးသတင်းအရ TNLA တပ်စခန်းတွေနဲ့ ထောက်ပို့လည်ပတ်ရာနေရာတွေကို ဗုံးကြဲတဲ့အခါတိုင်း TNLA တပ်ဖွဲ့ဝင်တွေ ထိမှန်ပါတယ်လို့ ထုတ်ပြန်လေ့မရှိသလို အခု တိုက်ခိုက်မှု သေဆုံးသူ ၁၁ ဦးကလည်း အရပ်သားတွေလို့ပဲ ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့ဟာ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့မြို့ဖြစ်ပြီး TNLA သိမ်းယူထားတဲ့ ၈ လကျော်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာ နယ်မြေလုယက်အပိုင်စီးဖို့ကြိုးစားနေတဲ့ TNLA ၊ MNDAA နဲ့ AA တို့ကို အကြမ်းဖက်အဖြစ် သတ်မှတ်လိုက်အပြီးမှာ ပထမဆုံးတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံကလည်း TNLA ကို အပစ်အခတ်မရပ်ရင် ဆုံးမမယ်လို့ သတိပေးစာပေးပို့ထားပေမဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားမှုမရပ်တဲ့အပြင် NUG ၊ CRPH ၊ NUCC နဲ့ PDF အင်အားစုတွေရဲ့ ထောက်ခံမှုပါ တောင်းခံပြီး တရုတ်နိုင်ငံကို ရှုတ်ချစေတဲ့ စာတွေ ထွက်လာအပြီးမှာ တရုတ်နယ်စပ်က နမ့်ခမ်းမြို့ကို ဗုံးကြဲခံရတာလည်းဖြစ်ပါတယ်။