September 20, 2024

၆. ၉. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီတန်းစီဝယ်ယူရမှုများ အဆင်ပြေသွားပြီးနောက် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာ ကျပ် ၁၀၀ ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအလယ်မှစ၍ ဩဂုတ်လကုန်အထိ စက်သုံးပြတ်လပ်မှုများကြောင့်ဆိုကာ ဆီဆိုင်များတွင် တန်းစီဝယ်ယူရမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သော်လည်း တန်းစီဝယ်ယူမှုများ ထပ်မံဖြစ်ပေါ်ခဲ့သလို ဈေးနှုန်းများပါ ထပ်မံမြင့်တက်ခဲ့၍ ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၀၀ အထိဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ ဈေးနှုန်းများ မြင့်တက်ထားသည့်အပြင် စက်တင်ဘာ ၆ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃၂၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၃၅၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၇၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၃၅၅ ကျပ်အထိ ထပ်မံမြင့်တက်လာခဲ့သည်။

စက်တင်ဘာ ၅ ရက် (ယမန်နေ့) ဈေးနှုန်းဖြင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၁၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၀၀ ကျပ် ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီတင်သွင်းရန် လိုအပ်သောဒေါ်လာများ ဖြည့်ဆည်းနိုင်ရန်အတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များကို ပြီးခဲ့သည့် ဩဂုတ်လလယ်မှစ၍ လက်ရှိအချိန်အထိ ဒေါ်လာသန်းရာချီ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သော်လည်း တန်းစီဝယ်ယူရမှုများ မကြာခဏဖြစ်ပေါ်ခဲ့သလို စက်သုံးဆီဈေးနှုန်းများမှာလည်း ထပ်မံမြင့်တက်လာမှုကိုတွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *